Thursday, December 31, 2009

ကျွန်တော် နှင့် နာရီ

ကျွန်တော် နာရီမကြည့်တတ်သေးသည့် အရွယ်၌ နာရီတစ်လုံး ရှိခဲ့ဖူးသည်။ အိမ်ကိုအလည် လာသည့် ကျွန်တော့် အဒေါ်က ၀ယ်ပေးသွားခဲ့ခြင်းဖြစ်၏။ ထိုနာရီကလေး ကို ဖွင့်လိုက်လျှင် ဆင်ဒရဲလား သီချင်းသံ ကြားရသည်။ ညအိပ်လျှင်ပင် မချွတ်တမ်း ၀တ်ထားမိ လောက်အောင် ကျွန်တော် နှစ်သက်ခဲ့သည်။အချိန်တွေကို သိရသောကြောင့်(သို့) သိချင် သောကြောင့် ထိုနာရီလေးကို ၀တ်ခဲ့ခြင်းမဟုတ်။

ဒီလိုနဲ့ ကျွန်တော် နာရီကြည့်တတ်သော အရွယ်ရောက်လာခဲ့ပါသည်။ အဖေ ၀ယ်ပေးသော ကျွန်တော့် နာရီလေးမှာ နာရီ၊မိနစ်၊စက္ကန့် အပြင် Day ၊ Date (အတု)ပါ ပါသည်။ ကျွန်တော့်အတွက် မျက်စိနောက် စရာ Day, Date ဒိုင်ကွက် အတု လေးသည် အတုဖြစ်သောကြောင့် ဘယ်တော့မှ မရွေ့လျား ပါ ။ အဖေက ကျွန်တော့် အတွက် လျစ်လျူရှု ပြီး ကြည့်တတ် အောင် တမင်ဝယ်ပေးခဲ့ခြင်းပေ လား။ ကျွန်တော် သေချာမသိသော်လည်း နာရီ၊မိနစ်၊စက္ကန့် တံ (အစစ်) ကလေးများကိုသာ ရွေးချယ် ကြည့်ခဲ့မိသည်။ သို့ပေမယ့် နာရီသည် ကျွန်တော့်အတွက် အရေးမပါလှ။

အမေ အိပ်ခိုင်းသော အချိန်၌ အိပ် သည်။ ဗိုက်ဆာသော အချိန်၌ စားသည်။ အမေ နှိုးသော အချိန်၌ ထ မည်။ အမေ ကျောင်းပို့သော အချိန်၌ ကျောင်းသွားမည်။ ခေါင်းလောင်းထိုး၍ ကျောင်းဆင်း ချိန်၌ အဖေက ကျောင်းရှေ့မှာ လာကြိုနေမည်ဖြစ်သည်။ ကျွန်တော့်အတွက် နာရီက ဘယ်အတိုင်းအတာ ထိအရေးပါနေလို့လဲ! ။ အော်.. အချိန် အကန့်အသတ် မရှိ ကစားချင် ကစား နိုင်သေးသည်။

အလယ်တန်းကျောင်းသား ဖြစ်လာခဲ့သော ကျွန်တော်သည် ကျူရှင် နှစ် ခု ၊ သုံးခု တက် လာရသည်။ မနက်စောစော ထ ၍ ညမိုးချုပ် တဲ့အထိ အိမ် ၊ ကျောင်း ၊ ကျူရှင် ကူးနေ ရသည်။
“ ဟဲ့ .. နာရီလည်းကြည့်ဦး ၊ ဘယ်အချိန်ရှိပြီလည်း ထတော့ ။ ကျူရှင်သွား ရတော့မယ်” ဆိုတဲ့ အမေရဲ့ စကားသံနဲ့အတူ အိပ်ယာခေါင်းရင်းမှာရှိတဲ့ ကျွန်တော့် နာရီလေး ကို အိပ်ချင်မူးတူး ကြည့်တတ်ခဲ့သည်။ အမေနှိုးသောအချိန်သည် စော လွန်းနေလျှင် အိပ်ယာထဲမှာ အိပ်ချင်ယောင်၍ ဆက်အိပ်နေအုံးမည်။ နောက်ကျလျှင်တော့ အမြန်ဆုံး ဖြစ်အောင် ပြေးရတော့မည်။ ငါးမိနစ် ၊ ဆယ်မိနစ် ဆိုသော အချိန်သည် ကျွန်တော့်အတွက် အတိုင်းအတာတစ်ခုအထိ အရေးပါလာခဲ့သည်။

ကျွန်တော် ဆယ်တန်း တက်ရတော့မယ်ဆိုတော့ အဖေက ကျွန်တော့်ကို နာရီတစ်လုံး ၀ယ်ပေးခဲ့သည်။ ကျွန်တော် ကြိုက်သော နာရီလေး ဖြစ်သည်။ ထို့ကြောင့် ပျော်သည် ။ သို့သော် အဒေါ် ၀ယ်ပေးခဲ့သော ဆင်ဒရဲလား နာရီ လေး ရတုန်းက ပျော်သလိုမဟုတ်။
“ပျော်ရွှင်မှု” ဆိုသော စိတ်ခံစားမှု သည် စကားလုံးအနေနဲ့ ယေဘုယျဆန် လွန်းသည်ဟု ကျွန်တော်ထင်မိခဲ့သည်။

ဆယ်တန်းမှာ မဖြစ်ချင်ဆုံးနဲ့ စိတ်အညစ်ဆုံး အလုပ်များကို သာ လုပ်ရသည်ဟု ကျွန်တော်ခံစားနေရသည်။ အချိန် နဲ့ စားရသည်။အချိန် နဲ့ စာသင်ရသည်။ အချိန် နဲ့ ရေချိုး ၊ အချိန်နဲ့ အိမ်သာတက် ။ မိဘ ဆွေမျိုးတွေနဲ့ လည်း အချိန်နဲ့ သာ တွေ့ရသည်။
ကျွန်တော့်လှုပ်ရှားမှုများသည် “ကျွန်တော့်စိတ်”နှင့် “အဆောင်အချိန်ဇယားဧ။် ကိုယ်” ဖြစ်နေခဲ့သည်။

တစ်ခါတခါ နာရီလက်တံတွေကို ပြောင်းပြန်လှည့်ချင်စိတ် များသာ နေ့စဉ်ရက်ဆက် ပေါ်နေခဲ့သည်။

“သုံးနာရီအတွင်းမှာ မင်းတို့ တစ်နှစ်လုံးသင်ထားသမျှ၊ သိသမျှ အကုန်ဖြေ ရမှာပဲ” ။ နှစ်စမှ နှစ်ဆုံး အထိ ဆရာ တဖွဖွ ပြောသော စကားဖြစ် ၍ ကျောင်းသားတိုင်း အလွတ်ရနေကြသည် ။ “ကန့်သတ်ပေးခဲ့သော အချိန်များသည် တစ်စုံတစ်ခု အတွက် အဖြေများ ရနိုင်ပါမည်လော” ဟု မကြာခဏ ကျွန်တော် စဉ်းစားဖြစ်ခဲ့သည်။
ဒီလိုနဲ့ ဆယ်တန်း စာမေးပွဲက ပြီးသွားခဲ့သည်။ စာမေးပွဲ အတွက် ရလဒ်အဖြေ သည်လည်း ပြီးသွားခဲ့ပြီဟု ကျွန်တော်ယူဆပါသည်။

ဆယ်တန်း ပြီး လို့ နွေရာသီကျောင်းပိတ်ရက်ရောက် လျှင် ကျွန်တော့်ဘ၀ ရဲ့ အပျော်ဆုံးအချိန်ဖြစ်မည်ဟု ကျွန်တော်ထင်ထားခဲ့သည်။ သို့သော် မှားခဲ့ပါသည်။ ကျွန်တော် မပျော်တတ်ခဲ့ပါ။ အချိန်ဖြုန်းခြင်း သက်သက် ဖြစ်နေသည်ဟု ကိုယ့်ကိုကိုယ် ခံစားရပြီး အရာရာတိုင်းကို စိတ်အလိုမကျ ဖြစ်နေခဲ့သည်။ နာရီတွေက မြန်လွန်းသည်ဟု ထင်မိသည်။

မနေ့က နှင့် ဒီနေ့သည် လည်း အမွှာညီကို လား ဟု သံသယ ရှိလာသည်။ မနေ့က ဒီပုံစံ နှင့် ဖြစ်နေသော ကျွန်တော်သည် ဒီနေ့လည်း ဒီပုံစံ သာ ဖြစ်နေသည်။ အချိန်မှလွဲ၍ ကျန်သော အရာများ မပြောင်းလဲ ဟု ထင်ခဲ့မိသည်။ ဘာမှန်းမသိသော တစ်စုံတစ်ရာကို သာ စောင့်နေရသည် ။ ဆယ်တန်းအောင်စာရင်းလား ၊ သေခြင်းတရားလား ။ ဒါမှမဟုတ် တစ်စုံ တစ်ရာ ဆိုသော အရာကိုလား ။

ပြီးခဲ့ပြီ ဟု ယူဆထားသော စာမေးပွဲရလဒ်အဖြေကိုတော့ ကျွန်တော် စိတ်မောခံပြီး စောင့်နေမိမှာ မဟုတ်။
ထိုကာလများအတွင်း ကျွန်တော် သည် နာရီကိုချွတ်ထားမိပါသည်။

ထို့နောက်တွင်တော့ မခေါ်ပဲရောက်လာသော အောင်စာရင်းထွက်ချိန်သည် ရောက်လာခဲ့သည်။ ပတ်ဝန်းကျင်ကို Day, Date (အတု) ကဲ့သို့ ကျွန်တော်က လျစ်လျူရှုထားပါသော်လည်း ကျွန်တော့်အပေါ် အကျိုးသက်ရောက်မှုများလွန်း သည်ဟု ထင်ပါသည်။ ကျွန်တော့် အောင်စာရင်းရလဒ်သည် ကျွန်တော်ကိုယ်တိုင် အပါအ၀င် ပတ်ဝန်းကျင်က ထင်ထားသည်နဲ့ လွဲခဲ့ပါသည်။ ရလဒ်သည် ဇောက်ထိုး ဖြစ်သည်။ ဆယ်တန်းအောင်စာရင်းမှာတောင် ရလဒ်မကောင်းဘူးဆိုတဲ့ ကျွန်တော့်ကို လူညံ့ဟု သတ်မှတ်ကြပေမည်။

သူတို့ဧ။် သတ်မှတ်ချက်သည် မပြောင်းလဲသောနာရီဒိုင်ကွက် များ ပင်ဖြစ်သည်။

ထို့နောက်တွင် ကျွန်တော့်စိတ်ကြိုက်ဖြစ်သော နာရီတစ်လုံးကို ၀ယ်လိုက်သည်။ ထိုနာရီတွင် စက္ကန့်တံ မပါ။ တစ် မှ ဆယ့်နှစ် အထိ ဂဏန်းများလည်းမပါ။ ပြောင်ရှင်း ၍ ကြည့်ကောင်းနေသော ထိုနာရီကို နောက်ပိုင်းတွင် မိနစ်တံ ၊ နာရီတံများ ပါ ဖြုတ်ပစ်ဖို့ အစီအစဉ်ရှိပါသည်။

Wednesday, December 9, 2009

ရယ်သံများ ကြားပြီးနောက် . .

ခေါင်းပေါ်က ဟု ထင်ပါသည်။ အတက်နိုင်ဆုံး အတိအကျပြောရလျှင် ငယ်ထိပ် ဟု ပြောနေကြသောနေရာမှဖြစ်လိမ့်မည်။ လေးလံနေသည်။ မဟုတ်လောက်ဘူး … မူးဝေနေသည်။ မူးဝေနေလား.. လေးလံနေလား မသေချာ ။ စိတ်ထဲမှာတော့ ဒီနေရာ ကို သတိတရ ဖြစ်နေသည်။ ကိုယ့်လမ်းလျှောက်သံပဲ ကိုယ်ကြားရတယ်။

“ လောကကြီးမှာ … မင်းတို့ ၊ ငါတို့ … တွေဟာ ” အဲဒီအသံဟာ ဘေးကဖြတ်လျှောက်သွားတဲ့ လူတွေဆီကလာတာပဲ။ ဝေးသွားလိုက် နီးလာလိုက်နဲ့ ငါ့နားထဲမှာ ကြားရတယ်လို့ ၊ သိနေတယ်။ ဘာတွေလဲ ဆိုတာ ဆက်မသိချင်တော့လို့ပါ။ ဆက်မကြားပါရစေနဲ့ ၊ မတွေးပါရစေနဲ့ ။ ငါ့ခြေသံတွေပဲ နားထဲမှာ အကျယ်လောင်ဆုံး ကြားနေရတယ်။ ခေါင်းပဲ မူးနေလို့လား ။ နေမကောင်းလို့လား ။ ဘာမှ သေချာလည်းမသိ ။ သိလည်းမသိချင် ။ မသိအောင်ဘဲ ကြိုးစားနေမိတယ်.. ။

မတောက်တခေါက် အသိဥာဏ် စဉ်ခြင်တုန် တရားတွေ ဒီအချိန်မှာ ၀င်မလာတာကိုပဲ ကျေးဇူးတင်မိပါတယ်။ နောက်နောင်လည်း ဒီ အသိတရား ဆိုတာတွေ မလာပါနဲ့တော့ ။ ငါကိုယ်တိုင် ပဲ ဖန်တီး ခဲ့တယ်ပြောရမလား ၊ ဒီ.. အသိ ဆိုတဲ့ အရာတွေကို ။ အခုတော့ … တကယ်ပဲ ရှောင်ပြေးချင်ပြီ။ “အသိမရှိတော့ရင် အရူးပေါ့” လို့ ပြောကြလိမ့်မည်။ ထိုသူတို့အား တစုံတရာ တုန့်ပြန်ငြင်းဆို လိမ့်မည်မဟုတ်။

သိနေခြင်းသာ ရှိတော့သည်။ လမ်းလျှောက်နေတာက လူတွေကြားထဲမှာပါပဲ။ ဒါပေမယ့် ငါတစ်ယောက်ထဲ ရဲ့ အသံနဲ့ လှုပ်ရှားမှုသာ ငါ့ဆီမှာအရာထင်နေတယ် ။ သေချာတယ် … အဲဒီအချိန်မှာတွေးမိတာက “ လေဟာနယ်ထဲပဲ ရောက်နေရော့လား” ။ ဟုတ်သည် ၊ မဟုတ်သည် လည်းမသိချင်တော့ပါ ။ ခေါင်းပေါ်မှာ လေးလံနေသလိုပါပဲ ။ ဆံပင်တွေကို လက်နဲ့ ဖွကြည့်မိတယ် ။ လက်နဲ့ဆံပင် ထိ သွားတဲ့အသံက သာမာန်ထက် ပိုကျယ်လောင် လွန်းနေသလိုပဲ။ ထင်ရတာလား တကယ်လားလဲမသိ။ ဒီလိုအဖြစ်မျိုး .. ငယ်ငယ်က အသည်းအသန်နေမကောင်းဖြစ်တုန်းက တစ်ခါ ခံစားဖူးတယ်။ အတိအကျ ဆင်တူလိမ့်မယ်လို့တော့ မယုံကြည်ပါ။

ခြေသံကလည်း ခပ်ကျယ်ကျယ် ကြားနေရတယ်။ သေချာတာ တစ်ခုက ငါ့ခြေသံ။ ငယ်ထိပ်မှာလို့ ထင်ထားတဲ့ လေးလံမှု က မေးရိုးတွေနဲ့ နားရွက်တွေအထိ ရောက်လာပြီထင်တယ် ။ ဒါ…… လေးလံမှုမဟုတ်ဘူး ။ တင်းကျပ်မှု . . . ။ ငါ့ပါးစပ်က ဘာအသံမှ မထွက်ဘူး ။

ညနေ နေ၀င် ချိန်ဖြစ်လို့ တိမ်တွေ လှမှာပဲ လို့ ထင်ပြီး အားကိုးတကြီး ရှာကြည့်လိုက်တယ်။ တွေ့ပါတယ် ။ ဒါပေမယ့် လှတယ်. မလှတယ် ဆိုတာကို မသိတော့ဘူး။ မြင်ယုံပဲ မြင်ရတော့တယ်။

လမ်းလျှောက် နေတာပဲ ။ အိမ်ကို လမ်းလျှောက်နေတာ ။ အရှေ့ ဆိုရင် ရောက်ပြီပဲ။ တံခါးကို တွန်းဖွင့်ပြီး ၀င်လိုက်တယ်။ သော့ခတ်မထား ပါ ။ အိမ်ထဲမှာရှိတဲ့ လူတွေ ရဲ့ မျက်လုံးတွေက ဖျက်ခနဲ့ ငါ့ကိုယ်ပေါ်မှာ ။ သူတို့ ပြုံးရယ် ပြ ကြတယ်ထင်တယ် ။ ငါတော့ ငါ့အခန်းထဲကိုပဲ ၀င်လာခဲ့တယ်။ သူတို့ဆီက အသံ တစုံတရာ မကြားရ ။

အခန်းထဲရောက် တဲ့အခါ ငါ့ ခေါင်း လေးလံမှု ၊ တင်းကျပ်မှု ဘာမှ မပြောင်းလဲသွားဘူး ။ လေးလံ ဆဲ ၊ တင်းကျပ်ဆဲ ။

အရင်ဖြစ်ခဲ့တာတွေ အခု ဘာမှ မသိတော့ပါ။ လွယ်အိတ်ကိုချတယ်။ အင်္ကျီ ၊ ဘောင်းဘီ လဲ တယ်။ ပြီးတော့ .. သီချင်းတစ်ပုဒ်ဖွင့်လိုက်တယ်။သီချင်းရဲ့ အစမှာ လက်ခုပ်သံ တွေ ဆူညံ နေတယ်။ နောက် ဂစ်တာသံ ၊ နောက် အဆိုတော်ရဲ့ သီချင်းသံ ။ ကြား တော့နေရတယ် ။ ဒီသီချင်း က ငါ့ကှို နည်းနည်း လောက်မှ သက်ရောက်မှု မရှိ။ တစ်ချိန်တုန်းက တော့ ဒါတွေကို ငါ .. စွဲမက်ခဲ့ဖူး မယ် ။

မျက်နှာသုတ်ပုဝါ နဲ့ ငါ့မျက်နှာ ငါ သုတ် လိုက်တယ်။ မျက်စိတွေ မှိတ်ဆင်းပြီး တစ်ခုခု ကို အစနဲ့ ညိ သွားသလိုပဲ. ။ ငါ …… ရယ်မောခြင်းအမှု မပြု ရတာ အချိန်အတော်ကြာပြီဘဲ။

Monday, November 23, 2009

အိုဟောင်းပြီးသော တနင်္ဂနွေ နှင့် ဓါတ်ပုံများ

တနင်္ဂနွေနေ့ မနက်ခင်းတစ်ခု၌ ကိုနေမိုးဝေ ကို ဒုက္ခ ပေးရန် အကြံမျိုးစုံကို ထုတ်နေ၏။ ထို့နောက် မနက်စာ စားမည် ဟု ပြော၍ သူနှင့် ရွှေတိဂုံ စေတီသို့ ထွက်လာခဲ့ကြသည်။( မှတ်ချက်... ထိုနေ့က သူ ၀မ်းသွားနေသည်)
မည်သို့ပင် ဆိုစေကာမူ ကျွန်ုပ်နှင့် ကိုကြီးနေမိုးဝေသည် ရွှေတိဂုံသို့ ရောက်ခဲ့ကြသည် ။
ထိုအခါ . . . . .
ရွှေတိဂုံ စေတီ ကို ဤ သို့ မှတ်တမ်းတင်ခဲ့၏။




ထို့နောက် တဖန် . . .
ဤ သို့ လည်း ရှု့ ပါ အံ့။







စေတီကို ကြည်ညို ပြီး သည် ဖြစ်စေ/ မဖြစ်စေ.... ။




စေတီရင်ပြင်ပေါ်မှ လူများကို ဤ သို့ တွေ့ ရလတ္တံ့ ။

ထိုနေ့က ဘာနေ့လည်းတော့ မမှတ်မိတော့ သို့သော် လူစည်းကားလှ၏။



ထိုလူများထဲတွင် Fuck Me Jesus ဆိုသော အင်္ကျီနှင့် ပုဂ္ဂိုလ် ကိုလည်း တွေ့ နိုင်၏။



ထို့နောက်တွင် ကား ကျွန်ုပ်သည် ခေါင်းလောင်းထိုးနေသော ကလေးငယ်အား ခံစားချက်မဲ့စွာ မှတ်တမ်းတင်ခဲ့ပါသည်။



ဤတွင် ကျွန်ုပ် ဓါတ်ပုံ ရိုက်ခဲ့သည်တို့ ကုန်၏။ (ခံစားချက် အတန်ငယ် ကင်းမဲ့လျှက်ရှိ၏)

Tuesday, July 28, 2009

Rangoon University's Photo

ကိုနေမိုးဝေနဲ့ ရန်ကုန်တက္ကသိုလ်ထဲ လျှောက်သွားရင်းရိုက်လာတဲ့ပုံလေးတွေဖြစ်တယ်။ သူ့ရဲ့ ကင်မရာ အကောင်းနဲ့ ကျနော့်ရဲ့ ကင်မရာ အစုတ် ရဲ့ ပုံတွေကို စုပေါင်းစပ်ပေါင်း တင်လိုက်တယ်ခင်ဗျာ . . . ။



ဒါကတော့ ဂျက်ဆင် ရဲ့ ပုံပါ ခင်ဗျာ ။ အန်တီဝါ တောင်းဆိုထားတာ ငါးလလောက်ရှိပါပြီ ။ အခုမှ ရိုက်ပေးဖြစ်တယ်ခင်ဗျ။





* * * *

ဒါကတော့ အဆောင် ။ အဆောင်တော့ အဆောင်ပဲ ဘာအဆောင်လဲတော့မသိဘူး ဗျ ။

* * * *
ဒါကလည်း စင်္ကြာန်လမ်း ပဲ ။ နာမည်တော့ မေ့သွားပီ ။ ဟီးးးးး ။


* * * * * ဒါကတော့ ကျောင်းသား သမဂ္ဂနေရာ ဟောင်းပါခင်ဗျာ ။

* * * * *ဒါကတော့ ကျောင်းသားသမဂ္ဂ နေရာ ဟောင်းနားလေးမှာ ထောင်ထားတဲ့ ဆိုင်းဘုတ် ပါ။ No Trespassing ဆိုတဲ့ စကားလုံးကို Dictionary ထဲမှာ မကျူးကျော်ရလို့ အဓိပ္ပါယ် ဖွင့်ထားပါတယ်။ ဒီနေရာမှာတော့ ဘယ်လိုသဘောထားနဲ့ ဘယ်လိုအဓိပ္ပါယ် ဖွင့်ဆိုမလဲ မသိဘူးနော် . . ။

ရန်ကုန်တက္ကသိုလ်ထဲက ပုံရိပ်တွေကို မှတ်တမ်းတင်ထားခြင်းသာ . ။ ။

Friday, June 26, 2009

ကိုးရိုး ကားယား ပုံရိပ်

မပုကြွယ်နဲ့ ခရုငယ်တဲ့ . . . . ။
ငယ်ငယ်တုန်းက တော်တော်ရေပန်းစား တဲ့ ကျောင်းပုံပြင်လေးပေါ့။ အဲဒီပုံပြင်လေး သင်ခဲ့ရတာ ၁ တန်း လား ၊ ၂ တန်း လား တောင် မမှတ်မိတော့ဘူး။
ခရုလေး အကြောင်း အဲဒီတုန်းက အိပ်မက်တောင် မက် တယ်။ ခြံစည်းရိုး တိုင်ပေါ် တက်လိုက် ၊ ပြုတ်ကျ လိုက်နဲ့ ။
နောက်ပိုင်း ကျတော့ အဲဒီခရုလေးလိုပဲ ကျွန်တော်လည်း ခဏ ခဏ ပြုတ် ကျတယ်။
သူလိုပဲ ပြန်တက်ပေါ့ ။ ပြုတ် ကျ လိုက် ၊ ပြန်တက်လိုက် ပဲ ဆိုပါတော့ ။ ဘာတွေပေါ်ကနေ ကျပြီး ဘာတွေပေါ် ပြန်တက်နေမှန်း (အမှန်အတိုင်း ပြောရရင်) ကိုယ့်ကို ကိုယ်မသိဘူး။
ဟုတ်တယ်ဗျ . . ။ တစ်ခါတစ်လေ စိတ်ဓါတ်ကျတယ် ၊ ကိုယ့်ကို ကိုယ် ပြန်ထိန်းရင်း ဘယ်ကို တက်နေမှန်းမသိဘူး။

ပုံပြင်ထဲမှာတော့ ခရုလေးက ကျလိုက် တက်လိုက်နဲ့ ခြံစည်းရိုးထိပ် ရောက်သွားတယ်တဲ့ ။ တော်တော်ဂွကျတာပဲ ဗျာ ။ အဲဒီခရုက ခြံစည်းရိုးပေါ် ဘာ တက်လုပ်မှာလည်း မသိဘူး နော် ။

Tuesday, June 23, 2009

စစ်တမ်းကောက်ယူခြင်း

ခေါင်းစဉ် ရန်ကုန်မြို့တွင်နေထိုင်သူတို့ဧ။် ရန်ကုန်မြို့အပေါ် သဘောထား

ရေးသားရန် အကြောင်းအရာများ (Topic Guide)
(၁) နေထိုင်မှု
(၂) စားသောက်မှု
(၃) သွားလာမှု
(၄) ဆက်သွယ်မှု
(၅) ပညာရေး
(၆) ကျန်းမာရေး
(၇) လူမှုရေး စသည်တို့ အပေါ်သုံးသပ်ချက်များ ။

(၁) နေထိုင်မှု
- ငှားရမ်းနေထိုင်ခြင်း
- ဆွေမျိုးများနဲ့ အတူ နေထိုင်ခြင်း
- အိုးအိမ်ပိုင်နဲ့ နေထိုင်ခြင်း

(၂) စားသောက်မှု
- အပြင်တွင် စားသောက်သည့်အခါ ကုန်ကျစရိတ်
- အိမ်တွင် မိသားစုနဲ့အတူ စားသောက်သည့်အခါ ကုန်ကျစရိတ်

(၃) သွားလာမှု
- ဘက်စ် စီး ခြင်းအပေါ် သုံးသပ်ချက်
- ကိုယ်ပိုင်ကား စီး ခြင်း အပေါ် သုံးသပ်ချက်
- မြို့ပတ်ရထား စီး ခြင်း အပေါ် သုံးသပ်ချက်

(၄) ဆက်သွယ်မှု
- မိုဘိုင်းဖုန်း အသုံးပြုခြင်း
- Dial ဖုန်း အသုံးပြုခြင်း
- အင်တာနက် အသုံးပြုခြင်း

(၅) ပညာရေး
ရန်ကုန် ပညာရေး နှင့်ပတ်သတ် သည့် အမြင်

(၆) ကျန်းမာရေး
ရန်ကုန်မြို့ ရှိ ကျန်းမာရေး ၀န်ဆောင်မှု အပေါ်အမြင်

(၇) လူမှုရေး
- ရန်ကုန်မြို့ ဧ။် လူမှုဆက်ဆံရေး ပုံစံ နှင့်
ထို ဆက်ဆံရေးပုံအမြင် ၊
- ရန်ကုန် လူ့အဖွဲ့အစည်း အပေါ်အမြင်

နှင့် အတူ

ရန်ကုန်မြို့ကို မြန်မာပြည်ဧ။် မြို့တော် အဖြစ်မှ ပြောင်းလဲလိုက်ခြင်းအပေါ် မည်သို့ ထင်မြင်ပါသလဲ ?

ဆိုသည့် အကြောင်းအရာများကို အကို၊အမ ၊ အန်တီ ၊ အန်ကယ် တို့ ထင်မြင်သမျှ
ရေးပေးရန် ဖြစ်ပါသည် ။
(တခြား မိမိ အမြင်များကိုလည်း ထည့်သွင်းနိုင်ပါသည် ခင်ဗျားးး )

Tag စာရင်း

Little Brook
အန်တီနန်းညီ
မအိဖူး
ကိုနေမိုးဝေ
ကိုဂစ်တာ
ကိုဗညား တို့ ဖြစ်ပါသည် ။

PS: ကြာသပတေးနေ့ ညနေခင်း အပြီးရေးပေးပါရန် ဂျီကျ အပ်ပါသည် ။

Wednesday, March 4, 2009

အဝှေ့ခံလိုက်ရသော ကျွန်တော်

တစ်နေ့က ကျွန်တော် မြစ်ကူးတံတားကို ကားဖြင့် ဖြတ်သွားစဉ် တွေ့လိုက်ရသော မြင်းကွင်းတစ်ခု …………… ။

မြစ်ကမ်းစပ် တစ်နေရာ ရှိ သစ်ပင်တစ်ပင်တွင် ပေ ၁၀ ခန့်ရှည်သော ကြိုးဖြင့် နွားတစ်ကောင်ကို ချည်ထားလေသည်။ နွားထီး တစ်ကောင်ဖြစ်ဧ။် (အညာသားဖြစ်၍ နွားထီး၊ နွားမ ခွဲတတ်ပါသည်) ။ အနီရောင် အဆင်းရှိဧ။် ။ စိုပြည်လုံးချောဧ။် ။

မြစ်ကမ်း နံဘေးတွေရှိသော မြက်ခင်းစိမ်းစိုစို ကို ကြည်နူးစွာ စားသုံးနေပုံရသည်။

ထိုစဉ် . . . အညိုရောင် ရှိသော နွား နှစ်ကောင်သည် အရှိန်အဟုန် ဖြင့် နွားနီထံ ပြေး၍ ဝှေ့ လေသည် ။ မည်သို့သော ရန်ညှိုး ၊ မည်သို့သော ရည်ရွယ်ချက်ကြောင့် ဝှေ့သည်ကိုတော့ ကျွန်တော်မသိ။ တရားမျှတမှုမရှိ စွာ ဝှေ့နေသည် ဟုသာ ကျွန်တော် သိဧ။် ။

နွားနီသည် ကြိုးဧ။် ဖမ်းချုပ်ထားမှုကြောင့် မလွတ်လပ်သော အနေအထားတွင်ဖြစ်ဧ။် ။ နွားညို နှစ်ကောင်မှာ နှောင်ချုပ်ထားသော ကြိုးများမရှိ ။ ပြီးတော့ နှစ်ကောင်ဖြစ်သောကြောင့် အင်အားများ သည် ဟု ဆိုချင်သည်။ ထိုကြောင့် အင်အားချင်းလည်း မမျှတ ။

နွားနီ သည် ပြန်ဝှေ့နိုင် စွမ်းမရှိသည့် အပြင် ၊ ကာကွယ်နိုင် စွမ်း လည်း မရှိ။ ထို့ကြောင့် နွားညို နှစ်ကောင်က အညှိုးအတေး ကြီးစွာ ဖြင့် စိတ်ကြိုက် ဝှေ့နေလေဧ။် ။ နွားနီဧ။် ဗိုက် ၊လည်ပင်း နှင့် တင်ပါးတို့တွင် သွေးများပင် ထွက် လာလေသည် ။ကြိုးက ဖမ်းချုပ်ထားသောကြောင့် လည်ပင်း ဆန့်ပြီး သာ အလူးအလဲ ခံနေရလေသည် ။ မည်သို့သော တုံ့ပြန်ခွင့် ၊ မည်သို့သော ကာကွယ်ခွင့်တို့မျှ မရှိချေ။

ဤသို့ သောမြင်ကွင်း သည် ကျွန်တော့်စိတ်ကို ဂယက် ရိုက်လာလေဧ။် ။ စိတ်ထဲတွင် ဒေါသဖြစ်သလိုလို ၊ အားမလို အားမရ ဖြစ်သလိုလို ၊ တုန်လှုပ်သလိုလို ၊ ၀မ်းနည်းသလိုလို နှင့် ခေါင်းစဉ်တပ်မရအောင် ခံစားလိုက်ရသည် ။

တံတားအောက်မှ အဖြစ်အပျက်ကို တံတားပေါ်မှ ကားစီးရင်း မြင်လိုက်ရခြင်းဖြစ်သည်။

မမျှမတ အဝှေ့ ခံနေရသော နွားနီ အတွက် စိတ်မကောင်းဖြစ်မိဧ။် ။ နိုင့်ထက်စီးနင်း ၊ အင်အားနဲ့ အခွင့်အရေးကို အသုံးချပြီး ရက်စက်စွာ တိုက်ခိုက်နေသော နွားညိုနှစ်ကောင်ကို မုန်းတီး မိဧ။် ။

ကျွန်တော့်ဧ။် စိတ်ကူးထဲတွင် ထိုနွားညိုနှစ်ကောင်ကို သူတို့ ရက်စက်သလို ပြန်လည် ရက်စက်စွာ တုံပြန်ချင်သည် ။ တစ်နည်းအားဖြင့် နွားနီခံစားရသလို ပြန်ခံစားရအောင် လုပ်ပစ်လိုက်ချင်သည် ။
ကျွန်တော် ထိုမြင်ကွင်းကို ကျော်လွန်ခဲ့လေပြီ။

သို့သော် . . . . . ကျွန်တော့် ရဲ့ အတွေးတွေက ဆက်လက် ချီတက်နေလေသည်။ ချီတက် နေသော ကျွန်တော့်အတွေးကို ခဏရပ် ၊ ကိုယ့်စိတ်ကို ပြန်သုံးသပ်ကြည့်လျှင် . . . . ။

ကျွန်တော် နွားနီအစား ကလဲ့စား ချေချင်သည် ။ နောက်တစ်ခါ ဒီနွားညိုတွေ နိုင့်ထက်စီးနင်း မလုပ်ဝံ့အောင် ဆုံးမချင်သည် ။

“ဒါပေမယ့် ကျွန်တော် နွားညိုတွေကို သူတို့ရက်စက် သလို ပြန်ရက်စက် လိုက်မည်ဆိုလျှင် တရားမျှတ ပါ့မလား ?”

“တရားမျှတချင်လို့ ကလဲ့စားချေတယ်ဆိုတာ ကလည်း မှန်ကန်တဲ့ လုပ်ရပ် ဖြစ်နိုင်ပါ့မလား ?”

“ ဒါဖြင့်ရင် တရားမျှတခြင်းနဲ့ အမှန်တရား ၊ အမှန်တရားနဲ့ တရားမျှတခြင်း ဘယ်ပုံဘယ်နည်းနဲ့ ဖြစ်တည်နေကြတာပါလိမ့် ။
တရားမျှတမှုတိုင်းက အမှန်တရား ဟုတ်ပါ့မလား?
အမှန်တရားတိုင်းက ရော တရားမျှတနိုင်မလား? ”

ကျွန်တော့်ကို ကျွန်တော် ပြန်မေးနေမိသည်။

(၀န်ခံချက်။ ။ ဒီစာတွင် အစပထမက “ဝှေ့” ဆိုသော စကားလုံးကို “ခွေ့” လို့ သုံးထားပါသည်။ ကိုနေမိုးဝေ ပြောပြမှ အမှန်းအတိုင်းသိသော ကြောင့် ပြန်လည် ပြင်ဆင်ထားပါတယ်ခင်ဗျာ )

Sunday, February 15, 2009

ဝါသနာ ပါ ပါသည်

ကျွန်တော် လည်း ဓါတ်ပုံ ရိုက်တာ ၀ါသနာ ပါလို့ ဓါတ်ပုံလေး တွေ အစမ်း တင်ကြည့်တာပါခင်ဗျာ ။ Quality ကတော့ ညံ့ပါတယ်ခင်ဗျာ ။ ဘာလို့ လဲဆိုတော့ ဒီဓါတ်ပုံတွေကို Camera နဲ့ ရိုက်တာမဟုတ် ။ MP4 အစုတ်လေးနဲ့ ရိုက်တထားတာပါခင်ဗျာ . . . . . ။ ကဲ .......... သည်းခံပြီး ရှုစားပေး ကြပါအုံးဗျ ဟီဟိ ။








ဒီပုံက ကန်ရဲ့ ဘေးကနေ တံတားလေးကို လှမ်းမြင်ရတဲ့ပုံပါ ။ ညနေ ခင်းဆိုတော့ ကြည့်ရတာ အရသာရှိတယ်ဗျ ။

* * * *








ဒါက ကန်ရေပြင် ပေါ်မှာ အရိပ်ထင်နေတဲ့ တံတားလေး ရဲ့ ပုံ ။ ဟီဟိ ဒီနားလေး ပဲ ပတ်ပြီးရိုက်ထားတာ ။




* * * *







ငြိမ်သက်နေတဲ့ ကန်ရေပြင် နဲ့ လေညင်းလေးတွေ ကစားနေတဲ့နေရာလေ ။ ရေ ကသိုဏ်း ရှုတယ်ဆိုတာ ဒါကိုပြောတာလားမသိဘူးနော် ။


* * * *






ကျက်သရေ အပေါင်းနဲ့ ခညောင်းတဲ့ ဒေါင်း ကြီပေါ့ ........ ။ ဒါပေမယ့် လှောင်အိမ်ထဲမှာ ဖြစ်နေ ရှာတယ်ဗျာ ။ သံဇကာ ကို ဖောက်ထွက် ပြီး ၊ သူဘယ်လို ပျံသန်းမယ်ဆိုတာ ကျွန်တော် တွေး ကြည့်နေမိတယ် ။



* * * *



ဒါကတော့ ကန်တော်ကြီးထဲမှာ ကြုံသလို လိုက်လံ တောင်း ပြီး စားသောက်နေထိုင် အသက်ရှင်ရရှာတဲ့ ။ အနာဂါတ်ရဲ့ ကြယ်ပွင့်လေးတွေ လေ ။ အနာဂါတ်ရဲ့ ကြယ်ပွင့်လေးတွေ ............. ။

သူကလေးကို သေချာကြည့် ၊စကားတွေ ပြောနေရှာတယ် ။ နားထောင် ပေးလိုက်ကြပါဗျာ ။ ရင်နဲ့ ခံစားပြီး နားထောင်ကြည့်လိုက် ကြပါခင်ဗျာ ။

Monday, February 2, 2009

ခြင်တစ်ကောင် ဧ။် မှာတမ်း

တစ်နေ့သ၌ ကျွန်ုပ်သည် မြေနီကုန်း ရှိ ခပ်ချာချာ လက်ဖက်ရည် ဆိုင်တွင် ထိုင်မိလေဧ။် ။ ၎င်း ဆိုင်တွင် တခြား စားစရာ များများ မရှိ ။ နံပြားနဲ့ ချစ်တီးမုန့် တချို့သာ ရှိဧ။် ။

သို့နှင့် လက်ဖက်ရည် တစ်ခွက် နဲ့ နံပြား တစ်ချပ် မှာယူ စားသုံးရင်း၊ အလင်းရောင် မှိန်ပျ သော ချောင်တစ်ခု တွင် ဇိမ်ယူ နေ ခဲ့ ဧ။် ။ တ ၀ီဝီ ဖြင့် ပျံသန်း နေသော ခြင်များ ကလည်း ကျွန်ုပ် နည်း တူ ဇိမ်ယူ လိုဟန် ရှိ ဧ။် ။ ယင်းခြင်တို့ မူကား ကျွန်ုပ် ဧ။် သွေးကို သောက်သုံး၍

ဇိမ်ယူ ကြလေကုန် ဧ။် ။

ထို သို့ သွေးစုတ်နေသော ခြင် သတ္တ၀ါများကို သည်းမခံ နိုင်တော့ ၍ တစ်ကောင်သော ခြင်ကို

အမှတ်တမဲ့ ရိုက်သတ် မိလေ ဧ။် ။ ၎င်း ခြင် သည် ခြင်သက်တမ်း ၄ ရက်မျှပင် ရှိဟန် တူ ဧ။် ။ ပျိုရွယ်သော ခြင်မတစ်ကောင် ဖြစ်လေဧ။် ။

ခြင် သူငယ် သည် ချက်ချင်း မသေဆုံးဘဲ အသက် ငင် နေလေဧ။် ။ တိုးတိုးငြင်းငြင်း လေး ပြောနေသံကို လည်း ကျွန်ုပ် ကြားလိုက်ရဧ။် ။

“ ခင်ဗျားကြီး….. ကျုပ်ကို ဘာလို့ ရိုက်သတ်ရတာ လဲ ။ လူ ဖြစ်ပြီး လူမဆန်စွာ ရိုက်သတ်တယ် ”

ခြင်သူငယ်မက အသက်ငင်ရင်း တစ်လုံးချင်း ပြောနေလေဧ။် ။

“ ဟေ့ကောင် ခြင်…… မင်းက ဘာဖြစ်လို့ ငါ့ကို စကိုက်လည်း ၊ မင်းတို့အကိုက်ခံရ ရင် ဘာဖြစ်တယ်ဆိုတာ မသိဘူးလား ။ ငါတို့ မှာ မင်းတို့ တံတွေးကြောင့် အဖုအပိန့် ဖြစ် တာက

သိပ်မပြောပ လောက်ဘူးကွ ။ ဒါပေမယ့် အခက်မသင့်ရင် ငှက်ဖျားတို့ ၊ သွေးလွန်တုတ်ကွေးတို့ ဖြစ်ရင် ဘယ်လိုလုပ်မလဲ ၊ မင်း တာဝန်ယူပြီး ဆေးကု ပေးမှာလား၊”

ကျွန်ုပ်လည်း စိတ်ဆိုးပြီး ပြန်မေးလိုက် လေဧ။် ။

ထိုအခါ ခြင်သူငယ်မက “ ဟားး ဟားးးးး ခင်ဗျားကြီးတော်တော် ရယ် ရတာပဲ ။ ခင်ဗျား ရောဂါဖြစ်မှာတော့ ကြောက်တတ်တယ် ။ ကျုပ်သေမှာကို တော့ လျစ်လျူရှု ထားတယ်ပေါ့လေ။

ဟုတ်စ ”

“ အေး…. ဟုတ်တယ်ကွာ… မင်းတို့ရှိနေရင် လည်း ဘာအကျိုးရှိမှာ မို့လို့ မင်းက အသက်ရှင်ချင်တာလဲကွ ၊ ဟင် ! ။ မင်းတို့ ကောင်တွေက လောကထဲ ကို ဒုက္ခပေးဖို့

သက်သက် ပဲ ရောက်လာခဲ့တာ… ။ လောကအကျိုး သယ်ပိုးဖို့ ရောက်လာတယ်အောင့်မေ့လို့လား ကွ ” ကျွန်ုပ်လည်း ကျွတ် စပ်စပ် နဲ့ ပြန်မေးလိုက် ဧ။် ။

“ လုပ်ပြန်ပြီ … ခင်ဗျားကြီး က တကယ့် အမြင်ကျဉ်း တဲ့ လူပဲ ။ ခင်ဗျားပြောတဲ့ လောကအကျိုး ဆိုတာ ဘာကိုပြောတာလဲ ။ ခင်ဗျားတို့ လူတွေအကျိုး ကို လောက

အကျိုး လို့ အမည်တပ်ချင်တာလား ။ မျှမျှ တတ စဉ်းစား ကြည့်ပါ အုံးလေ… ။ ”

ခြင်သူငယ်မ ဧ။် စကားကြောင့် ကျွန်ုပ် အနည်း ငယ်မျှ တွေဝေ သွား ဧ။် ။

ခြင်သူငယ်မက ဆက်ပြောလေ ဧ။် …

“ ကျုပ်တို့ ခြင်တွေမှာ ခင်ဗျားလို့ အားအားယားယား လက်ဖက်ရည်ဆိုင်မှာ ဇိမ်ခံ နေတဲ့ အချိန်မရှိဘူး။ သက်တမ်း ၇ ရက် လောက်အတွင်းမှာ

ခြင်မျိုးဆက်မပြုန်းတီးအောင် သားဖေါက်ရ တယ် ။ အဲဒီလို သားဖေါက်ဖို့ အတွက် လိုအပ်တဲ့သွေးတွေကို ခင်ဗျားတို့

လို သတ္တ၀ါ တွေဆီက နေယူရတယ် ။ ဒါကြောင့် သွေးစုတ်ရတာ ။ ခင်ဗျားတို့တွေ အကျိုးယုတ် ပါစေတော့ ဆို တဲ့ ရည်ရွယ် ချက်နဲ့ စုတ်တာမဟုတ်ဘူး ။ လိုအပ်လို့လုပ်တာ ။

ဒါက လည်း ကျုပ်တို့ ခြင်မျိုးဆက်အတွက် လုပ်သင့် လုပ်ထိုက်လို့ လုပ်ရတာချည်းပဲ ။

ကျုပ်လုပ်တဲ့ သွေးစုတ် ခြင်း အလုပ် ဟာ ခြင်တွေအတွက် အကျိုးဖြစ်ထွန်းဖို့ လုပ်တယ်

ဆိုတာ မှားလား ! နောက်ခြင် မျိုးဆက် တွေအတွက် ကျုပ်တို့ မှာ တာဝန် ရှိတယ် ။

တကယ်လို့ ကျုပ်တို့က သွေးမစုတ်ပဲ မျိုးမပွားပဲ နေရင် ကျုပ်တို့ တာဝန်မကျေ ရာ မရောက်ဘူးလား ! ။ ကိုယ့် လူ …. ခြင်တွေဘက်က လည်း လှည့်တွေးပေးပါအုံး ”

“ ဒီလို ဆိုရင် … မင်းကို ငါ က ရိုက်လိုက်တဲ့ ကိစ္စ မှာ ၊ ငါမှားတယ်လို့ မင်းက ဆိုချင်တာလား”

ဟု ကျွန်ုပ်က မေးလိုက်လေဧ။် ။

“ မှန်တာပေါ့ ၊ ခင်ဗျား လုံးဝ မှားခဲ့တယ် ။ ခင်ဗျားရဲ့ စိတ်အနှောက်အယှက်ဖြစ်မှု တစ်ခုအတွက် နဲ့ တပါးသူ ဘက် ကိုမကြည့် ဘဲ စိတ်လိုက်မာန်ပါ လုပ်ခဲ့တာပဲ ။ဒါသိပ်မှားတာပေါ့ ။ ခင်ဗျားက ကိုယ့်အမှားကို ကိုယ် ၀န်မခံပဲ "လောကအကျိုး

ဖျက်ဆီးနေပါတယ်" ဆိုတဲ့ ပုဒ်မ ကြီးတပ်ပြီးတောင် စွတ်စွဲလိုက်သေးတယ်။ ”

အသက်ရှူ ကြပ်နေ သော ခြင်သူငယ်က စကား တစ်ထောက် နားနေလိုက်သေးဧ။် ။

အနည်းငယ် နေသာ တော့မှ ဆက်ပြောလေ ဧ။် ။

“ ခင်ဗျား ရဲ့ လုပ်ရပ်က ဘယ်ရှုထောင့်က

ကြည့်ကြည့် မှား တယ် ။ ဘာသာရေး ရှုထောင့်က ပြောရအုံးမလား ။ ခင်ဗျားဟာ ပါဏာတိပါတ ကံ ကျူးလွန် ထားတယ် ၊ သတ္တ၀ါ အပေါ်မှာ ကိုယ်ချင်းစာ စိတ်ကင်းမဲ့စွာနဲ့ ရိုက်ခဲ့တယ် ။ လူမှုရေးရှုထောင့်က ပြောရအုံးမလား ။ ခင်ဗျားဟာ အင်အား နည်းတဲ့ သူအပေါ်မှာ အနိုင်ကျင့်တာပဲ ။ ဒီမယ်… ကိုယ့် လူ …. ခင်ဗျား ဟာ ကိုယ့်အမှားကို

ဖုံးကွယ်ချင်တာနဲ့ တဖက်ကို နိုင်လွန်မင်းထက် မဟုတ်တမ်း တရားတွေ လာပြောနေတာပဲ၊

ဘာလဲ ! ကိုယ့် အမှားကို ၀န်ခံဖို့ ၀န်လေးနေတာဟုတ်လား ။ ”

ဒီခြင်သူငယ်မက အထောက်အထား အခိုင်အလုံနဲ့ မှာတမ်းတစ်စောင်ကို ဖတ်နေသည့်အလား ။

ကျွန်ုပ် ဘက်မှ တုန့်ပြန်မှု အားပျော့ သွားသည်မှာ အမှန်ပင်။

“ ငါ့ ကျန်းမာရေးအတွက် ငါ့ကိုယ် ငါ ကာကွယ် တယ်လို့ ပြောလို့မရဘူးလား ” အင်းအားမပါသော မေးခွန်းတစ်ခု ခြင်သူငယ် ထံ တင် သွင်းလိုက်ရဧ။် ။

“ ကာကွယ်တယ်………. ဟုတ်စ! ။ ကာကွယ် တယ်ဆိုတာ ခင်ဗျားက ဘယ်လို ခံယူထားတာလဲ ။ ကိုယ့်အတွက် အန္တရာယ် မဖြစ်ရုံ ကာကွယ် မှာ မဟုတ်ဘူးလား ။ တစ်ဖက်သား

နစ်နစ် နာနာ ဖြစ်မှ ကာကွယ် တာ အထမြောက်မယ်လို့ ခံယူထားတာလား။ ဒီမယ် ……

ကိုယ့်လူ အခု ကျုပ်က သေရတော့မယ်သူ ဖြစ်နေပြီ..။ ကျန်ရစ်ခဲ့တဲ့ ခင်ဗျား စိတ်ထိ ခိုက်

အောင်ပြောနေတာမဟုတ်ဘူး ။ အတက်နိုင်ဆုံး အမြင်တွေ တည့်မတ်အောင်ပြောနေတာ ပါ ။

ပထမဆုံး ခင်ဗျား ခေါင်းစဉ်တပ် ခဲ့တဲ့ "လောကအကျိုး သယ်ပိုးတယ်" လို့ပြောရင် မမှားလောက်ပါဘူး နော်……… ” တဲ့ ခံယူချက် အပြည့်နဲ့ စကားကို ဆိုလေဧ။် ။

“ ကျုပ်သေသွား ပြီးတဲ့နောက်ပိုင်း မှာ ခင်ဗျား ရဲ့ တကိုယ်ကောင်းဆန် စွာလုပ်တဲ့ လုပ်ရပ် ကို အမြင်မှန် ရခဲ့တယ် ဆိုရင် ၊ ကျုပ်သေ တာအကျိုးမယုတ်ပါဘူး ” ခြင်သူငယ်မ မှာ တော်တော် ပင်ပန်း နေလေဧ။် ။ စကားအရှည် ကြီးပြောနိုင်ဖို့ အတော် အားယူ နေရရှာ ဧ။် ။

“ ကျုပ် နောက်ဆုံး ပြောချင်တာက………. ခင်ဗျား… ကိုယ့်ကို ကိုယ် မလိမ် မညာ ပဲ ၊ တွေးတော စဉ်းစား တတ်တဲ့အကျင့် မွေးပါ ။ ကိုယ့် အပြစ် လွတ်အောင် ဆိုပြီး ဥပဒေတွေ ပုဒ်မတွေ လျှောက် မတပ် ပြပါနဲ့ ။ စိုးရွားတဲ့ လုပ်ရပ် တွေက ခင်ဗျားကိုယ် ခင်ဗျား ညာလို့မရဘူးဆိုတာ

သိ အောင်လုပ်ပါ ။ ကိုယ့် အမှား ကို ၀န်ခံဖို့ သတ္တိ မကြောင်ပါနဲ့ ။ ကိုယ့်ကို ကိုယ် လိပ်ပြာသန့်အောင် နေပါ …….. ”

ပြောလို့ ပြီးဟန် မပေါ်သေးဘူး ။ ဒါပေမယ့် အသက်ရှူ မရတော့ဘူးလားမသိ။ ပါးစပ် လှုပ်ရုံသာ ရှိတော့ဧ။် ။

ခြင်သူငယ်မ ငြိမ်သက်သွားပါ ပြီ ။ မှာတမ်းတစ် ခုကို ကျွန်ုပ်အား ဖတ်ပြ သွားလေဧ။် ။

ကျွန်ုပ် လည်း အပြောင်း အလဲ တစ်ခု ဖြစ်သွား သည် ။ မိမိ ကိုယ်ကို တည့်မတ် သွားသလို ခံစားလိုက်ရသည် ။ တစ်ချိန်ထဲမှာပဲ ၀မ်းနည်းသလို အငွေ့အသက် ဖြစ်လာသည် ။ မှားလေပြီ….. လို့ သိ ရော့လား……. ။

ခြင်သူငယ်မ ရေ…… ကျွန်ုပ် ကျေနပ်စွာ ၀န်ခံပါ ဧ။် “ ငါ မှားခဲ့လေပြီ……. ငါမှား တာ သေချာသွားပြီ ……. ဘယ်လို ရည်ရွယ်ချက်နဲ့ ရိုက်သတ် ခဲ့တယ်ဆိုတာ ငါ အသိဆုံး ။ ငါ့ စိတ် ကသိကအောင့် ဖြစ်တာ တစ်ခုတည်း ကြောင့် ရိုက်သတ်ခဲ့မိတယ်ဆို တာ သိပါပြီ ။ ငါ ၀န်ခံပါ ပြီ …….

ကျွန်ုပ်လည်း လက်ဖက်ရည် ဆိုင် ထဲက ထွက်ဖို့ ပြင်လိုက်လေတော့ ဧ။် ။ စားပွဲထိုး အား ကျသင့်ငွေ ပေးပြီးနောက် ဆိုင်မှ ထွက်ခွာခဲ့ပါသည် ။

ခြင်သူငယ်မဧ။် ရုပ်လောင်း မူကား တိတ်ဆိတ်စွာ လဲလျောင်း ကျန်ရစ်ခဲ့တော့ လေ သတည်း ။

Saturday, January 31, 2009

ဝိဥာဉ် မဲ့ နေတဲ့ ပြဇာတ်ရုံ

ကျွန်တော့်မှာ ပြဇာတ်ရုံလေး တစ်ရုံရှိပါတယ်။ တကယ်တမ်းတော့ မဖြစ်စလောက် ပြဇာတ်ရုံလေးပါ။ သက်ဝင် လှုပ်ရှားမှု မရှိသလောက် ပဲ။


ခေါင်မိုးကလည်း ပေါက်နေတော့ မိုးရာသီဆိုရင် မိုးယိုတဲ့ ပြဇာတ်ရုံ လေးပေါ့။

Air con လည်းမရှိ ။ ပန်ကာ တော့တပ် ထားပါတယ် ၊ ဒါပေမယ့် မီးအမြဲပျက်နေတော့ ပန်ကာတွေကလည်း မလည်နိုင် ။ အဲဒီတော့ နွေရာသီဆိုရင် အရမ်း ပူအိုက်တော့တာပဲ။


အဲဒီလို စုတ်စုတ်ပျက်ပျက် ပြဇာတ်ရုံလေး တစ်ရုံ ကို ကျွန်တော် ပိုင်ဆိုင် ပါတယ်။


ပြဇာတ်ရုံ လေးမှာ က ပြတဲ့ ဇာတ်လမ်း ဇာတ်ကွက်တွေ မှာ ဘယ်တော့မှ မင်းသား၊ မင်းသမီး

မပါ ပါဘူး။ အမြဲတမ်း သူရဲကောင်းတွေကို ပဲ ဇာတ်လိုက် ထားတယ်။


ဇာတ်လမ်းတွေကို တော့ ကျွန်တော် ကိုယ်တိုင် ရေးသားပါတယ်။ “ချစ်၊ ခင် ၊ ကြိုက် ၊ မုန်း ၊ သနား ၊ ကွဲ ၊ ညား ” ဆိုတဲ့ ဇာတ်လမ်း တွေကို မရေး ပါ ။ ပေးဆပ် စွန့်လွှတ် တဲ့ သူရဲကောင်းတို့ ရဲ့ နှလုံး လှလှ တွေ အကြောင်းသာ ကျွန်တော် ရေးသားပါတယ် ။


အဲဒီ လို ပြဇာတ် ရုံလေး အတွက် လက်မှတ် က တော့ အခမဲ့ ပါ။


အစ ပိုင်း ကတော့ လူတွေက ပိုက်ဆံ မပေးရတဲ့ ပြဇာတ်ရုံ ဆိုပြီး လာပြီးကြည့်ကြသေးတယ်။

ဒါပေမယ့် ဇာတ်လမ်းမပြီး ခင် ထထ ပြီးပြန်ကြတာ ချည်းပဲ ။ ဘယ်သူမှ ပြီးအောင်မကြည့်ချင်ကြဘူး။ ပျင်းရိငြီးငွေ့ ဖွယ် ကောင်းလို့တဲ့ ။

သူတို့က ပေးဆပ်သူ မလုပ်ချင် ကြဘူး ၊ ရယူပိုင်ဆိုင်သူ သာ လုပ်ချင်ကြတယ်တဲ့ ။


ကျွန်တော် ငယ်ငယ် ကတည်းက “ လက်ဆောင် ယူတဲ့သူ မလုပ်ချင်ဘူး ၊ လက်ဆောင် ပေးတဲ့သူ ပဲ လုပ်ချင်တယ်” လို့ အဖေ့ကို ပြောပြဖူး တယ်။


ကျွန်တော် ခံယူထားတာက အနစ်နာခံ ပေးဆပ်ခြင်းဟာ “မွန်မြတ်” တယ်ပေါ့။


ဒါပေမယ့် ပွဲ ကြည့် ပရိတ်သတ် ခံယူထားတာက အနစ်နာခံ ပေးဆပ်တဲ့ သူရဲကောင်း ဆိုတာ “ရူးလို့ အ လို့ ၊ လူရည် မလည်လို့ ၊ အခွင့်အရေးကို ဖန်တီး မယူတတ်လို့”တဲ့ ။

“လူဆိုတာ ကိုယ့်ကောင်းကျိုးအတွက် ကိုယ် လုပ်ယူတတ် ရတယ်၊ ကိုယ့်ကို ကိုယ် ချမ်းသာ အောင်ကြံဆောင်တတ်ရတယ်။ ကိုယ့်အကျိုး အတွက်ဆိုရင် ဘယ်လို ခလုတ်ကန်သင်း ပဲ ဖြစ်ဖြစ် ရှင်းပစ် ဖို့ ၀န်မလေးရဘူး ” တဲ့။

ဒီလို လုပ်တတ်မှ အရည်အချင်းရှိတဲ့ သူ တဲ့ ။


သြော်……… သူတို့ က ဒီလို ခံယူတာ လေ။


ကျွန်တော်နဲ့ ပွဲကြည့်သူတွေကြားမှာ ညှိမရအောင် ကွဲပြားနေတော့ ကျွန်တော့် ဇာတ်လမ်းတွေကို ဘယ်သူကမှ ပြီးအောင်မကြည့်ကြဘူး ဗျာ။


ကျွန်တော်က တော့ သူရဲကောင်းတွေ ရဲ့ ရဲဝံ့မှု ၊ စွန်လွှတ် အနစ်အနာ ခံမှု ၊ ကိုယ်ကျိုးစွန့် ကြိုးပမ်း ခဲ့တဲ့အကြောင်းတွေပဲ ဆက်ရေးနေခဲ့တယ် ။

ဘယ်သူက မှ မကြည့်တော့ ကပြဖျော်ဖြေ လို့တော့ မရသေးဘူးပေါ့။


ကျွန်တော့်ရဲ့ အခမဲ့ လက်မှတ် အရောင်းဌာန လေးကလည်း အရောင်းထိုင်းနေ ခဲ့တယ်။


မွန်မြတ်တဲ့ လုပ်ရပ် တွေကို ပရိသတ် လက်ခံ လာနိုင်တဲ့ တစ်နေ့ …… ကျွန်တော့်ရဲ့ ပြဇာတ်ရုံ လေး မှာ သူရဲကောင်းတွေ ကပြဖျော်ဖြေ နိုင်ပါလိမ့်မယ် ။

Sunday, January 25, 2009

မှော်ဘီ ခရီးစဉ်

ဒီတစ်ပတ် ကျွန်တော် အားတဲ့ ရက်မှာ ကျွန်တော့်ရဲ့ အစ်မ၀မ်းကွဲ ဆီကို အလည်သွားဖြစ်ခဲ့ပါတယ်။ သူကမှော်ဘီမှာနေတာ သိပ်မကြာသေးပါ။ ကျွန်တော်ကလည်း မှော်ဘီ ဆိုတဲ့ဆီကို ကြားသာကြားဖူးနေတာ တစ်ခေါက်မှ မရောက်ဖူး ဘူး။ ဘယ်နားမှာ ရှိမှန်းကို မသိ။ ဒါနဲ့ အစ်မကို ဖုန်းဆက်မေးရသေးတယ်။ပြီးမှ
ခရီးစဉ် အတွက် အစီအစဉ်ဆွဲ ရတာ။

အစ်မ လို့ သာ ပြောတယ် ၊ တစ်သက်နဲ့ တစ်ကိုယ် စကားကို ၂ နာရီပြည့်အောင်မပြောဖူးဘူး ။ ရင်းရင်းနှီးနှီး လည်း မရှိလှဘူးပေါ့။တစ်ယောက်နဲ့တစ်ယောက် ခပ်စိမ်းစိမ်း ပဲ။

သွားဖြစ်မလို မသွားဖြစ်မလိုနဲ့ နောက်ဆုံး တော့ သွားဖို့ဆုံးဖြတ်လိုက်တယ် ( ထမင်းတွေဘာတွေ ချက်ကျွေးမယ်ဆိုလို့ :P ) ။ မနက် ၈ နာရီလောက်ကတည်းက ကားဂိတ်မှာ ကားစောင့်နေရတာ ။ ကားကတစ်စီးမှ မတွေ့ ။ ဒါနဲ့ ဖုန်းထက်ဆက်လိုက်ရသေးတယ် ။ “ ဟိုင်းလက် တွေစီး နော် ၊ ဒိအပြင်ကားတွေမစီးနဲ့ ကြာတယ်” တဲ့ ။

ဒါနဲ့ သူပြောတဲ့ကားကိုစောင့်နေ တာ ၉ နာရီ ကျော်သွားတယ်။ ကားဂိတ်က ကွမ်းယာသည်တွေက ကျွန်တော့်ကို မသင်္ကာ သလိုလို နဲ့ ကြည့်နေကြပြီ(ဒီကောင်
ဘာများချောင်းနေလဲ ဆိုပြီးတော့ :P ) ။ ကျွန်တော်လည်း ကြာတော့ရှက်လာတာနဲ့ ဟိုနားရွှေ့ထိုင် ဒီနားရွှေ့ထိုင်လုပ်နေရတယ်။ ပြီးတော့မှ ကားက ရောက်လာပါလေရောဗျာ ။
ဟဲဟဲ ဘာပြောကောင်းမလဲ ၀မ်းသာ သွားတာပေါ့ ။

“ မှော်ဘီကားလားဗျ” ကားဒရိုင်ဘာ နား ကပ်ပြီးမေးလိုက်တော့ ။ ကားဆရာက ပါးစပ်ကတောင်ပြန်မဖြေဘူး ၊ လက်ဟန်ခြေဟန်နဲ့ တက်ခိုင်းတော့တာပဲ(ကွမ်းယာစားထားလို့လားမသိ)။
“ ရှေ့ခန်းကရလားဗျ” ။
ဒါလည်း ပါးစပ်က ပြန်မဖြေ၊ ဇွတ်တက်ခိုင်းနေတယ်(နောက်က ကျားလိုက်နေလားမသိ) ။

နောက်ခန်းကမစီး တာတခြားကြောင့်မဟုတ်။ ကိုယ်မရောက်ဘူးတဲ့ နေရာဆိုတော့ ဒရိုက်ဘာ နားကပ်ပြီး တတွတ်တွတ်မေးနေမှ ၊ ဒီလိုမှမဟုတ်ရင် ပါချင်ရာပါသွားမှာစိုးလို့။
ဒီလိုနဲ့ ကားရှေ့ခန်းက အူကြောင်ကြောင်နဲ့ လိုက်လာခဲ့တယ်။

ကားဆရာက အချိန်တော်တော်ကြာတဲ့အထိ ပိုက်ဆံမတောင်းသေးဘူးဗျ ။ တစ်ဂိတ်ပြီးတစ်ဂိတ်သာဖြတ်လာတယ် ပိုက်ဆံက အခုထိမတောင်းသေးဘူး။ ကြာတော့သံသယ ရှိလာပြီ။ ကားရဲ့ ဆိုင်းဘုတ်က ဘာတဲ့ “ ပြည့်စွမ်းအား” ဆိုလား။ ပြီးတော့ ကျွန်တော့်ကို ဒီလူက အကောင်ကြီးသားသမီး နဲ့လူမှားပြီး ပိုက်ဆံမတောင်းတာလား ။ အာ… ဒါတော့မဖြစ်နိုင်ဘူး ဘာလို့လဲဆိုတော့ ကျွန်တော့်ရုပ်က အဲဒီလို သာပေါင်းညာစား ရုပ်မှ မဟုတ်တာ :P။

အင်း…… ဒီလိုဆိုရင် ဥပတိရုပ်က ခန့်လွန်းလို့ ကြည်ညိုပါတယ်ဆိုပြီး မတောင်းရဲတာလား (ကိုဖြိုးစကီး ကတော့ပြောတယ် ကလေးမသာရုပ်တဲ့ :P )။ ဒါကလည်းမဖြစ်နိုင်ဘူး ။
သူတောင်းမှ ပေးရင်ကောင်းမလား ကိုယ်က စပေးရင် ကောင်းမလား ဆိုပြီး တစ်လမ်းလုံး စဉ်းစားနေတာ။ သူက အလားစီး ပါလို့ ပြောရင်တောင် ကိုယ်က မစီးချင်တာအမှန်။ သူများဆီက လူပေါ်လူဇော်လုပ် ပြီး ဘာကိုမှ မလိုချင်။ ဒါကြောင့် ကျွန်တော် ပိုက်ဆံ အိတ်ထုတ်ပြီး ပေးဖို့ပြင် လိုက်တော့တယ်။

“ အကိုရေ ကားခက ဘယ်လောက်လဲဗျ”
“ ၈၀၀ ပါညီ”

ကဲ နည်းနည်းတော့အသက်ရှူချောင်သွားပြီ။

“ ခရီးက တော်တော်ဝေးဝေး ကျန်သေးလားခင်ဗျ” ၊
“ အေးညီ.. တော်တော်ဝေးသေးတယ်” တဲ့။ အခုမှ စိတ်ထဲပေါ့သွားတယ်။

“ ကျွန်တော်က ဒီဘက်တွေ တစ်ခါမှ မရောက်ဖူးဘူးခင်ဗျ။ ဒါကြောင့် မသိလို့မေးကြည့်တာပါ။ အင်း… ဒါနဲ့ အခုဘယ်ရောက်နေတာလဲဗျ” ၊
“အခု ထောက်ကြန့် ကျော်ကျော် ပဲရှိသေးတယ်ညီ၊ တော်တော်သွားရအုံးမှာ” တဲ့။
အော်….. ဒီလိုတော့လည်း ကားဆရာ က သဘောကောင်းသား ။

ဒီလိုနဲ့ ကျွန်တော်လည်း စကားမပြောဘဲ ပတ်ဝန်းကျင်ကို ငေးကောင်းကောင်းနဲ့ ငေးနေမိတယ်။ ရန်ကုန်မြို့ထဲမှာ ဆို လူတွေနဲ့ ဘက်စ်ကားတွေနဲ့ ပဲ ရှုပ်ထွေးနေတယ် ၊ အခု ချက်ချင်းဆိုသလို မြင်ကွင်းက ပြောင်းသွားပြီ။ စိမ်းစိမ်းစိုစို သစ်ပင်တွေ ၊ သဘာဝကျကျ မြင်ကွင်း တွေနဲ့ ဆိုတော့ သိပ်ကြည့် လို့ကောင်းတာပဲ။

တချို့နေရာမှာ သစ်ပင်တွေ က အုပ်မှိုင်းနေတယ်။ တချို့နေရာမှာ ကလေးတွေ လမ်းဘေးမှာ အပူအပင်ကင်းစွာ ဆော့ကစားနေတယ်။ တချို့နေရာမှာ ဟင်းရွက်တွေတင်ထားတဲ့ စက်ဘီးတွေနဲ့ ဈေးသည်တွေ ။ ကြည်နေရတာ ကြည်နူးစရာတော့ ကောင်းသား။

တော်တော်ကြာကြာ ကားစီးပြီးတော့ ကားဆရာက “ ညီလေး….၊ မင်း
ဆင်းမယ့် မှတ်တိုင်က ရှေ့ နှစ်မှတ်တိုင်ဆိုရင်ရောက် တော့မယ်နော်”တဲ့ ။ ဒါနဲ့ ကျွန်တော်လည်း လှုပ်လှုပ်ရွရွ နဲ့ ဆင်းဖို့ ready လုပ်ထားရတယ်။

ဆင်းခါနီးတော့ …. ကားဆရာကြီးကို စပ်စုပြီးမေးလိုက်သေးတယ် “ အကို ၊ ဆရာကြီး မင်းသိင်္ခ ရဲ့ ခြံက ဘယ်နားမှာလည်းဗျ”( ကျွန်တော် ဗေဒင်တို့ ဂမ္ဘီရ တို့တော့ ၀ါသနာမပါ၊ ဒါပေမယ့် ဆရာကြီး ရဲ့ စာတွေဖတ်ဖူးတော့ ဆရာကြီးရဲ့ အကြောင်းကိုတော့စိတ်ဝင်စားပါတယ် )။ “အော်… သူ့ခြံက မြို့ အထွက်နားလေးမှာကွ၊ မင်းဆင်းရမှာက မြို့ အ၀င် ၊ နည်းနည်းတော့ လှမ်းတယ် ညီရ… ” ကားဆရာက စကားပြောချိုသာပါတယ်။ သူ့စကားပြောသံ ကြည့်ရတာ သူများကို ကူညီချင်စိတ်ရှိတဲ့ပုံပဲ။

“ ညီရေ.. ဒီမှတ်တိုင်ပဲကွ၊ သေသေချာချာကြည့်ဆင်းညီ ၊ အေးအေးဆေးဆေးသာ လုပ် ကိစ္စ မရှိဘူး” တဲ့ ။ ဒါနဲ့ ကျွန်တော်လည်း “ ဟုတ်ကဲ့ အကို၊ ကျေးဇူးပဲခင်ဗျ ၊ သွားလိုက်မယ်ခင်ဗျ” စသည်ဖြင့် မျက်နှာကို အချိုသာဆုံး အနေအထားရောက်အောင် ထားပြီး နှုတ်ဆက်ခဲ့ပါတယ်။
တစ်ခါတစ်ခါ ဒီလိုမျိုး အဖြစ်အပျက်လေးတွေက လည်း ကြည်နူးစရာကောင်းလှတယ်။လူအချင်းချင်း လေးစားတတ်တဲ့ အကျင့်က လူတိုင်းမှာသာရှိရင် သိပ်ကောင်းမှာပဲနော် …… ။

ဒီလိုနဲ့ ကျွန်တော့်အစ်မအိမ်ကို တောင်မေးမြောက်မေးနဲ့ ရောက်သွားတယ်။ ကျွန်တော်ရောက်တော့ မနက် ၁၀နာရီခွဲ ပဲရှိသေးတယ်။ ထမင်းမကျက်သေးဘူးတဲ့ ။
ဟီဟိ သူကလည်း ကျွန်တော် လာမှာဆိုပြီး အထူးဟင်းလျာတွေ ချက်ထားတယ်တဲ့
“ ၀က်သားနဲ့ မရမ်းသီး၊ မျှစ်နဲ့ပဲ ၊ ပဲဟင်းချို၊ ပုန်းရည်ကြီးနဲ့ဝက်သား၊ကုန်းဘောင်ကြီးကြော်” တဲ့။ သိပ်မကြာပါဘူး ၊ ခဏလောက်စောင့်ပြီး သူ့ရဲ့ ဟင်းတွေက ကျက်ပြီ။ ဒါနဲ့ နှစ်ယောက်သား အားရပါးရစားကြတယ် ။

ထမင်းစားပြီးတော့ အအေးတွေ ဘာတွေတိုက်သေးတယ် ။ ပြီးတော့ အားရပါးရလေပန်းတော့တာပဲ ။ ကျွန်တော် က မနည်းမှီအောင် ခေါင်းလိုက်ညိမ့်နေရတယ်(သူ့စကားကို ထောက်ခံကြောင်း) ။ သူမောမမော တော့မသိ ၊ ကျွန်တော်ကတော့ လည်ပင်းတွေတောင် ညောင်းလာသလိုပဲ ။
ပျော်ဖို့တော့ကောင်းတယ်။
အရင်က ကျွန်တော့် ဒီလိုရင်းရင်း နှီးနှီး မနေကြဘူး။ သူကလည်း ကျွန်တော့်ကို စကားပြောတယ်မရှိ။ ကျွန်တော်ကလည်း စကားပြောရမှာ ပျင်းတာနဲ့ မပြော ။ ဒီလိုနဲ့ အခုမှ အားရပါးရ ပြောဖြစ်ကြတော့တယ်။ အဓိကအကြောင်းအရင်း ကတော့ သူတစ်ယောက်ထဲ ဆိုတော့ စကားပြောရမယ့်လူ မရှိလို့ ခေါ်ပြီး နားပူပေးတာ ဟီဟိ။

နောက်ပြီး ကျွန်တော့်ကို ပြန်ခါနီး ပြောလိုက်သေးတယ် “ နောက်အပတ် အားရင်လည်း လာခဲ့ပါအုံးဟာ၊ ငါ့တစ်ယောက်ထဲ ပျင်းလွန်းလို့ပါ ” တဲ့။ အရင်ကဆိုရင် ကျွန်တော်က
သူနဲ့ ပတ်သက်လို့ ဘာခံစားချက်မှ မရှိ။ အခုတော့ သနားသလိုလို ဖြစ်လာတယ်။
ပြန်အထိ ကျွန်တော့်ကို နောက်အပတ် လာဖို့ ပဲ ပြောနေတယ်။ “ အားလို့ရှိရင်တော့ လာခဲ့မယ်လေ …..” ကျွန်တော်လည်း ၀ိနည်းလွတ်ဖြေခဲ့ရတယ် ။ ရမ်းပြီးတော့ ကတိ မပေးရဲဘူးလေ ။တော်နေ မလာဖြစ်ခဲ့ ရင် ပြောလို့ပြီးမှာ မဟုတ်ဘူး ။

ကောင်းပါတယ်………… ။ အရင်က ခပ်စိမ်းစိမ်း နေလာခဲ့ကြတာ ။ အခု လို တရင်းတနှီး နဲ့ ချစ်ချစ်ခင်ခင် ဆိုတော့ ၀မ်းသာစရာပေါ့ ။

ဒီလိုနဲ့ ဘက်စ်ကားနဲ့ ပဲ ရန်ကုန်ကို ပြန်လာခဲ့ပါတယ်။ အပြန်ခရီး မှာတော့ အသွားနဲ့ မတူတော့တာအမှန်ပင် ။ ကျွန်တော့် အတွက် ပီတိလေးကို ပါဆယ်ထုတ်ပေးလိုက်တယ်နဲ့ တူပါရဲ့ ။

အိမ်ရောက်တော့ ကျွန်တော် ရဲ့ ခရီးစဉ်အကြောင်းကို သုံးသပ်ကြည့်မိတယ်။ အချည်းနှီးမဖြစ်ခဲ့တာတော့သေချာသည် ။

ကျွန်တော့်ရဲ့ မောင်နှမပြန်လည် သင့်မြတ်ရေး ခရီးစဉ်ဟာ အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့ပါတယ် ။

သို့သော် ကျွန်တော်သည် ကိုယ်စားလှယ် မဟုတ် ပါ ။

Thursday, January 1, 2009

ကျွန်တော့် အတွက် နံပြား တစ်ချပ်

ကျွန်တော် နံပြား ကြိုက်ပါ သည် ။
ကျွန်တော် စိတ်ကြည်နူး ခွင့်ရတိုင်း နံပြားကို စားပါသည်။ စိတ်ညစ် တဲ့ အခါမှာလည်းစားပါသည် ။

ကျွန်တော် ဆယ်တန်း ကျောင်းသားဘ၀ က ဘော်ဒါဆောင်မှာ နေရပါသည် ။ ဘော်ဒါ ဆောင် က တစ်ပါတ် တွင် ရှစ် ရက် လောက် ဟင်း မကောင်းတတ်ပါ ။ ဒါ့ကြောင့် ကျွန်တော် အပြင်က အစားအစာ တွေကိုပဲ စားရပါသည် ။ အပြင် မှာစား သည်ကလည်း ထွေထွေထူးထူး မဟုတ် နံပြား ကို သာ ထမင်းလို စားပါသည်။
မှတ်မှတ်ရရ ၊ ကျွန်တော့်ကို အဆောင်မှူးက “ မြန်မာ ပြည်မှာ ငါသိ သလောက် နံပြားကို ကြိုက်တာဆိုလို့ မင်းရယ် ၊ ဒိုးလုံးရယ် ၊ ဗိုလ်ချုပ်အောင်ဆန်းရယ် သုံးယောက် ပဲ တွေ့ဖူး တယ် ” လို့ နောက်ပြောင် သလိုလို နဲ့ ပြောဖူးပါသည် ။ သူ မပြောလည်း ကျွန်တော် ကြိုက်ပါသည် ။ သူပြောလည်း ကျွန်တော် ကြိုက်ပါသည် ။


ကျွန်တော် ငယ်ငယ် ( ၅ နှစ် အရွယ် လောက်) က အဖေ နဲ့ အတူ လက်ဖက်ရည်ဆိုင် ထိုင်ပါသည် ။ လက်ဖက်ရည် ဆိုင် က ပုံပန်းသွင်ပြင်အားဖြင့် ခြူချာလှပါသည် ။ နှုတ်ခမ်းပဲ့ နေသော ခွက်ဖြင့် လက်ဖက်ရည် ထည့်ထားပြီး ၊ အောက်နား တွင်လည်း ဂျီး များ စွန်းထင်းနေပါသည် ။ သည် လက်ဖက်ရည်ကို ကျွန်တော် သောက်ချင်စိတ်မရှိပါ ။ အဖေက လည်း “ သားသား လက်ဖက်ရည် သောက်လေကွာ ၊ အေးကုန်လိမ့်မယ် ” လို့ ပြောပါသည် ။


ဒါပေမဲ့ ကျွန်တော် မသောက်ပါ ။ “ အဖေပဲ ပြောတယ်လေ …. ၊ မသန့်ရှင်းတဲ့ခွက် နဲ့ထည့်ထားတာတွေ မစား မသောက်ရဘူးဆို ” လို့ ပြန်ပြီး မေးတော့ ၊ အဖေက “ သားသား မင်း ဂျီးမများ နဲ့ ဒါ အိမ်မဟုတ်ဘူး ကွ ” ဆိုပြီး လေသံမာမာ နဲ့ အော်ခဲ့ပါသည် ။


အဲဒီတုန်း က “ လူကြီးဆို တာ အခုတစ်မျိုး တော်ကြာတစ်မျိုး၊ သူတို့ စိတ်ကြိုက်လုပ် ပြီး ၊သူတို့ ပြောသမျှ ခေါင်း ညိတ် ခိုင်းတတ်ပါလား ” လို့ ကျွန်တော် ကလေး လို မြင်ခဲ့မိ ပါသည် ။


အဲဒီတုန်းက ကျွန်တော် လက်ဖက်ရည် မသောက်ခဲ့ပါ ။ နံပြားသာ ၀ယ် ကျွေးခိုင်းခဲ့ပါသည် ။ အဲဒီကတည်း က ကျွန်တော် နံပြား ကြိုက်ခဲ့ပါသည် ။

ကျွန်တော် ရှစ်တန်း လောက် က စိတ်ကူး ပေါက်လို့ သူငယ်ချင်းတွေနဲ့ အတူ လက်ဖက်ရည်ဆိုင် အတူထိုင်ဖူးပါသည် ။ ယောင်္ကျားလေးသူငယ်ချင်း ၊ မိန်းကလေးသူငယ်ချင်း အားလုံးပေါင်း ၆ ယောက်လောက် ထိုင်ပါသည် ။ အားလုံးက လက်ဖက်ရည် သောက်သလို ကျွန်တော်လည်း လက်ဖက်ရည် သောက်ခဲ့ပါသည် ။ ခွက် သန့်မသန့် သတိ မထားမိတော့ပါ ။ ယောင်္ကျားလေးသူငယ်ချင်း တွေကတော့ ကျွန်တော် နံပြားကြိုက်တတ် တာကို သိကြသည် ။ မိန်းကလေးသူငယ်ချင်းတွေက တော့ ကျွန်တော် နံပြား နှစ်နှစ်ခြိုက်ခြိုက်စား တာကို ရယ်တဲ့လူကရယ် ကြပြီး ပြောင်တဲ့လူကပြောင်ကြပါသည် ။



သြော် ……. သူတို့ ဘာလို့ရယ်ကြပါလိမ့် ? ။


သူတို့ ရယ်သည်ဖြစ်စေ ၊ ပြောင်သည်ဖြစ်စေ ကျွန်တော် နံပြားကို ဆက် စားပါသည် ။ ဆက်စားပါမည် ။

ဟို တစ်နေ့ညနေ ကတော့ ကျွန်တော် နဲ့ အစ်ကိုတစ်ယောက်( ဆွေမျိုးမတော်ပါ) နဲ့ လူစည်ကား တဲ့ လမ်းဘေးက ခပ်ညစ်ညစ် လက်ဖက်ရည်ဆိုင်မှာ ထိုင်ဖြစ်ကြပါသည် ။ အဲဒီအစ်ကို က လက်ဖက်ရည် နဲ့ ကြက်ဥ အကာကျက် တစ်လုံးမှာပါသည် ။ ကျွန်တော် ကလည်း လက်ဖက်ရည်နဲ့ နံပြား ပျော့ပျော့ တစ်ချပ် မှာ ပါသည် ။
ခဏ ကြာတော့ နှုတ်ခမ်းပဲ့ နေ သည့်အပြင် ၊ ဘေးတွင်လည်း အက် ကြောင်း အရာ ပါသော ခွက် ဖြင့် လက်ဖက်ရည် လာ ချပေးပါသည် ။ ဟို အကို ကတော့မသိ ၊ ကျွန်တော့် ကတော့ သတိထားမိ ပါသည် ။ သို့သော် ကျွန်တော် ဂျီး မများတော့ပါ ။ ခွက် ကို မသောက်ဘဲ ၊ ခွက်ထဲက လက်ဖက်ရည်ကို သောက် တတ် လာပါသည် ။
နံပြား လည်း စားဆဲ ပါ ။

ကိုဒိုးလုံး ရဲ့ သီချင်းထဲ က လို မနက်မိုးလင်းတိုင်း နံပြားလာပို့ တဲ့ မိန်းကလေး ရေ … !

ကျွန်တော့် အတွက် လည်း ပဲပြုတ် နဲ့ နံပြား နံနက် တိုင်း ပို့ပေးပါလားဗျာ !