Wednesday, December 9, 2009

ရယ်သံများ ကြားပြီးနောက် . .

ခေါင်းပေါ်က ဟု ထင်ပါသည်။ အတက်နိုင်ဆုံး အတိအကျပြောရလျှင် ငယ်ထိပ် ဟု ပြောနေကြသောနေရာမှဖြစ်လိမ့်မည်။ လေးလံနေသည်။ မဟုတ်လောက်ဘူး … မူးဝေနေသည်။ မူးဝေနေလား.. လေးလံနေလား မသေချာ ။ စိတ်ထဲမှာတော့ ဒီနေရာ ကို သတိတရ ဖြစ်နေသည်။ ကိုယ့်လမ်းလျှောက်သံပဲ ကိုယ်ကြားရတယ်။

“ လောကကြီးမှာ … မင်းတို့ ၊ ငါတို့ … တွေဟာ ” အဲဒီအသံဟာ ဘေးကဖြတ်လျှောက်သွားတဲ့ လူတွေဆီကလာတာပဲ။ ဝေးသွားလိုက် နီးလာလိုက်နဲ့ ငါ့နားထဲမှာ ကြားရတယ်လို့ ၊ သိနေတယ်။ ဘာတွေလဲ ဆိုတာ ဆက်မသိချင်တော့လို့ပါ။ ဆက်မကြားပါရစေနဲ့ ၊ မတွေးပါရစေနဲ့ ။ ငါ့ခြေသံတွေပဲ နားထဲမှာ အကျယ်လောင်ဆုံး ကြားနေရတယ်။ ခေါင်းပဲ မူးနေလို့လား ။ နေမကောင်းလို့လား ။ ဘာမှ သေချာလည်းမသိ ။ သိလည်းမသိချင် ။ မသိအောင်ဘဲ ကြိုးစားနေမိတယ်.. ။

မတောက်တခေါက် အသိဥာဏ် စဉ်ခြင်တုန် တရားတွေ ဒီအချိန်မှာ ၀င်မလာတာကိုပဲ ကျေးဇူးတင်မိပါတယ်။ နောက်နောင်လည်း ဒီ အသိတရား ဆိုတာတွေ မလာပါနဲ့တော့ ။ ငါကိုယ်တိုင် ပဲ ဖန်တီး ခဲ့တယ်ပြောရမလား ၊ ဒီ.. အသိ ဆိုတဲ့ အရာတွေကို ။ အခုတော့ … တကယ်ပဲ ရှောင်ပြေးချင်ပြီ။ “အသိမရှိတော့ရင် အရူးပေါ့” လို့ ပြောကြလိမ့်မည်။ ထိုသူတို့အား တစုံတရာ တုန့်ပြန်ငြင်းဆို လိမ့်မည်မဟုတ်။

သိနေခြင်းသာ ရှိတော့သည်။ လမ်းလျှောက်နေတာက လူတွေကြားထဲမှာပါပဲ။ ဒါပေမယ့် ငါတစ်ယောက်ထဲ ရဲ့ အသံနဲ့ လှုပ်ရှားမှုသာ ငါ့ဆီမှာအရာထင်နေတယ် ။ သေချာတယ် … အဲဒီအချိန်မှာတွေးမိတာက “ လေဟာနယ်ထဲပဲ ရောက်နေရော့လား” ။ ဟုတ်သည် ၊ မဟုတ်သည် လည်းမသိချင်တော့ပါ ။ ခေါင်းပေါ်မှာ လေးလံနေသလိုပါပဲ ။ ဆံပင်တွေကို လက်နဲ့ ဖွကြည့်မိတယ် ။ လက်နဲ့ဆံပင် ထိ သွားတဲ့အသံက သာမာန်ထက် ပိုကျယ်လောင် လွန်းနေသလိုပဲ။ ထင်ရတာလား တကယ်လားလဲမသိ။ ဒီလိုအဖြစ်မျိုး .. ငယ်ငယ်က အသည်းအသန်နေမကောင်းဖြစ်တုန်းက တစ်ခါ ခံစားဖူးတယ်။ အတိအကျ ဆင်တူလိမ့်မယ်လို့တော့ မယုံကြည်ပါ။

ခြေသံကလည်း ခပ်ကျယ်ကျယ် ကြားနေရတယ်။ သေချာတာ တစ်ခုက ငါ့ခြေသံ။ ငယ်ထိပ်မှာလို့ ထင်ထားတဲ့ လေးလံမှု က မေးရိုးတွေနဲ့ နားရွက်တွေအထိ ရောက်လာပြီထင်တယ် ။ ဒါ…… လေးလံမှုမဟုတ်ဘူး ။ တင်းကျပ်မှု . . . ။ ငါ့ပါးစပ်က ဘာအသံမှ မထွက်ဘူး ။

ညနေ နေ၀င် ချိန်ဖြစ်လို့ တိမ်တွေ လှမှာပဲ လို့ ထင်ပြီး အားကိုးတကြီး ရှာကြည့်လိုက်တယ်။ တွေ့ပါတယ် ။ ဒါပေမယ့် လှတယ်. မလှတယ် ဆိုတာကို မသိတော့ဘူး။ မြင်ယုံပဲ မြင်ရတော့တယ်။

လမ်းလျှောက် နေတာပဲ ။ အိမ်ကို လမ်းလျှောက်နေတာ ။ အရှေ့ ဆိုရင် ရောက်ပြီပဲ။ တံခါးကို တွန်းဖွင့်ပြီး ၀င်လိုက်တယ်။ သော့ခတ်မထား ပါ ။ အိမ်ထဲမှာရှိတဲ့ လူတွေ ရဲ့ မျက်လုံးတွေက ဖျက်ခနဲ့ ငါ့ကိုယ်ပေါ်မှာ ။ သူတို့ ပြုံးရယ် ပြ ကြတယ်ထင်တယ် ။ ငါတော့ ငါ့အခန်းထဲကိုပဲ ၀င်လာခဲ့တယ်။ သူတို့ဆီက အသံ တစုံတရာ မကြားရ ။

အခန်းထဲရောက် တဲ့အခါ ငါ့ ခေါင်း လေးလံမှု ၊ တင်းကျပ်မှု ဘာမှ မပြောင်းလဲသွားဘူး ။ လေးလံ ဆဲ ၊ တင်းကျပ်ဆဲ ။

အရင်ဖြစ်ခဲ့တာတွေ အခု ဘာမှ မသိတော့ပါ။ လွယ်အိတ်ကိုချတယ်။ အင်္ကျီ ၊ ဘောင်းဘီ လဲ တယ်။ ပြီးတော့ .. သီချင်းတစ်ပုဒ်ဖွင့်လိုက်တယ်။သီချင်းရဲ့ အစမှာ လက်ခုပ်သံ တွေ ဆူညံ နေတယ်။ နောက် ဂစ်တာသံ ၊ နောက် အဆိုတော်ရဲ့ သီချင်းသံ ။ ကြား တော့နေရတယ် ။ ဒီသီချင်း က ငါ့ကှို နည်းနည်း လောက်မှ သက်ရောက်မှု မရှိ။ တစ်ချိန်တုန်းက တော့ ဒါတွေကို ငါ .. စွဲမက်ခဲ့ဖူး မယ် ။

မျက်နှာသုတ်ပုဝါ နဲ့ ငါ့မျက်နှာ ငါ သုတ် လိုက်တယ်။ မျက်စိတွေ မှိတ်ဆင်းပြီး တစ်ခုခု ကို အစနဲ့ ညိ သွားသလိုပဲ. ။ ငါ …… ရယ်မောခြင်းအမှု မပြု ရတာ အချိန်အတော်ကြာပြီဘဲ။

3 comments:

Khinmarlaraung said...

:)....တွေးရပြန်ပြီ..အမောင်ရှင်းသန့် ရေ။
Comment ရေးရင်းတောင်..တွေးရင်းရေးနေရတယ်။
အတွေးတွေ တယ်ဆန်းလို့ ပဲ အရင်ပြောပါရစေတော့။:)

mirror said...

မိုက်တယ်ဟေ့...ဒီတပုဒ်တော့..။
အက်ဆေးလေးတပုဒ်...သာယာငြိမ့်ညောင်းစွာ၊
ပြင်းပြင်းထန်ထန်အရှိန်ပြင်းစွာနဲ့...ဖြတ်စီးဆင်းသွားတယ်။

revolution-littlebrook said...

စိတ်ကျရောဂါ ... သေချာသလောက်ပါ ...
ငါဖတ်ရင်းနဲ့ စိတ်ကျသွားတယ် ..း)
ကုနည်းက စာအုပ်များများဖတ် တအားမတွေးနဲ့
ပေါ့ပေါ့ပါးပါးနေတတ်တဲ့သူငယ်ချင်းတွေနဲ့ များများတွေ့ပေး ... လျစ်လျှူရှုတတ်အောင်သင်