Thursday, December 31, 2009

ကျွန်တော် နှင့် နာရီ

ကျွန်တော် နာရီမကြည့်တတ်သေးသည့် အရွယ်၌ နာရီတစ်လုံး ရှိခဲ့ဖူးသည်။ အိမ်ကိုအလည် လာသည့် ကျွန်တော့် အဒေါ်က ၀ယ်ပေးသွားခဲ့ခြင်းဖြစ်၏။ ထိုနာရီကလေး ကို ဖွင့်လိုက်လျှင် ဆင်ဒရဲလား သီချင်းသံ ကြားရသည်။ ညအိပ်လျှင်ပင် မချွတ်တမ်း ၀တ်ထားမိ လောက်အောင် ကျွန်တော် နှစ်သက်ခဲ့သည်။အချိန်တွေကို သိရသောကြောင့်(သို့) သိချင် သောကြောင့် ထိုနာရီလေးကို ၀တ်ခဲ့ခြင်းမဟုတ်။

ဒီလိုနဲ့ ကျွန်တော် နာရီကြည့်တတ်သော အရွယ်ရောက်လာခဲ့ပါသည်။ အဖေ ၀ယ်ပေးသော ကျွန်တော့် နာရီလေးမှာ နာရီ၊မိနစ်၊စက္ကန့် အပြင် Day ၊ Date (အတု)ပါ ပါသည်။ ကျွန်တော့်အတွက် မျက်စိနောက် စရာ Day, Date ဒိုင်ကွက် အတု လေးသည် အတုဖြစ်သောကြောင့် ဘယ်တော့မှ မရွေ့လျား ပါ ။ အဖေက ကျွန်တော့် အတွက် လျစ်လျူရှု ပြီး ကြည့်တတ် အောင် တမင်ဝယ်ပေးခဲ့ခြင်းပေ လား။ ကျွန်တော် သေချာမသိသော်လည်း နာရီ၊မိနစ်၊စက္ကန့် တံ (အစစ်) ကလေးများကိုသာ ရွေးချယ် ကြည့်ခဲ့မိသည်။ သို့ပေမယ့် နာရီသည် ကျွန်တော့်အတွက် အရေးမပါလှ။

အမေ အိပ်ခိုင်းသော အချိန်၌ အိပ် သည်။ ဗိုက်ဆာသော အချိန်၌ စားသည်။ အမေ နှိုးသော အချိန်၌ ထ မည်။ အမေ ကျောင်းပို့သော အချိန်၌ ကျောင်းသွားမည်။ ခေါင်းလောင်းထိုး၍ ကျောင်းဆင်း ချိန်၌ အဖေက ကျောင်းရှေ့မှာ လာကြိုနေမည်ဖြစ်သည်။ ကျွန်တော့်အတွက် နာရီက ဘယ်အတိုင်းအတာ ထိအရေးပါနေလို့လဲ! ။ အော်.. အချိန် အကန့်အသတ် မရှိ ကစားချင် ကစား နိုင်သေးသည်။

အလယ်တန်းကျောင်းသား ဖြစ်လာခဲ့သော ကျွန်တော်သည် ကျူရှင် နှစ် ခု ၊ သုံးခု တက် လာရသည်။ မနက်စောစော ထ ၍ ညမိုးချုပ် တဲ့အထိ အိမ် ၊ ကျောင်း ၊ ကျူရှင် ကူးနေ ရသည်။
“ ဟဲ့ .. နာရီလည်းကြည့်ဦး ၊ ဘယ်အချိန်ရှိပြီလည်း ထတော့ ။ ကျူရှင်သွား ရတော့မယ်” ဆိုတဲ့ အမေရဲ့ စကားသံနဲ့အတူ အိပ်ယာခေါင်းရင်းမှာရှိတဲ့ ကျွန်တော့် နာရီလေး ကို အိပ်ချင်မူးတူး ကြည့်တတ်ခဲ့သည်။ အမေနှိုးသောအချိန်သည် စော လွန်းနေလျှင် အိပ်ယာထဲမှာ အိပ်ချင်ယောင်၍ ဆက်အိပ်နေအုံးမည်။ နောက်ကျလျှင်တော့ အမြန်ဆုံး ဖြစ်အောင် ပြေးရတော့မည်။ ငါးမိနစ် ၊ ဆယ်မိနစ် ဆိုသော အချိန်သည် ကျွန်တော့်အတွက် အတိုင်းအတာတစ်ခုအထိ အရေးပါလာခဲ့သည်။

ကျွန်တော် ဆယ်တန်း တက်ရတော့မယ်ဆိုတော့ အဖေက ကျွန်တော့်ကို နာရီတစ်လုံး ၀ယ်ပေးခဲ့သည်။ ကျွန်တော် ကြိုက်သော နာရီလေး ဖြစ်သည်။ ထို့ကြောင့် ပျော်သည် ။ သို့သော် အဒေါ် ၀ယ်ပေးခဲ့သော ဆင်ဒရဲလား နာရီ လေး ရတုန်းက ပျော်သလိုမဟုတ်။
“ပျော်ရွှင်မှု” ဆိုသော စိတ်ခံစားမှု သည် စကားလုံးအနေနဲ့ ယေဘုယျဆန် လွန်းသည်ဟု ကျွန်တော်ထင်မိခဲ့သည်။

ဆယ်တန်းမှာ မဖြစ်ချင်ဆုံးနဲ့ စိတ်အညစ်ဆုံး အလုပ်များကို သာ လုပ်ရသည်ဟု ကျွန်တော်ခံစားနေရသည်။ အချိန် နဲ့ စားရသည်။အချိန် နဲ့ စာသင်ရသည်။ အချိန် နဲ့ ရေချိုး ၊ အချိန်နဲ့ အိမ်သာတက် ။ မိဘ ဆွေမျိုးတွေနဲ့ လည်း အချိန်နဲ့ သာ တွေ့ရသည်။
ကျွန်တော့်လှုပ်ရှားမှုများသည် “ကျွန်တော့်စိတ်”နှင့် “အဆောင်အချိန်ဇယားဧ။် ကိုယ်” ဖြစ်နေခဲ့သည်။

တစ်ခါတခါ နာရီလက်တံတွေကို ပြောင်းပြန်လှည့်ချင်စိတ် များသာ နေ့စဉ်ရက်ဆက် ပေါ်နေခဲ့သည်။

“သုံးနာရီအတွင်းမှာ မင်းတို့ တစ်နှစ်လုံးသင်ထားသမျှ၊ သိသမျှ အကုန်ဖြေ ရမှာပဲ” ။ နှစ်စမှ နှစ်ဆုံး အထိ ဆရာ တဖွဖွ ပြောသော စကားဖြစ် ၍ ကျောင်းသားတိုင်း အလွတ်ရနေကြသည် ။ “ကန့်သတ်ပေးခဲ့သော အချိန်များသည် တစ်စုံတစ်ခု အတွက် အဖြေများ ရနိုင်ပါမည်လော” ဟု မကြာခဏ ကျွန်တော် စဉ်းစားဖြစ်ခဲ့သည်။
ဒီလိုနဲ့ ဆယ်တန်း စာမေးပွဲက ပြီးသွားခဲ့သည်။ စာမေးပွဲ အတွက် ရလဒ်အဖြေ သည်လည်း ပြီးသွားခဲ့ပြီဟု ကျွန်တော်ယူဆပါသည်။

ဆယ်တန်း ပြီး လို့ နွေရာသီကျောင်းပိတ်ရက်ရောက် လျှင် ကျွန်တော့်ဘ၀ ရဲ့ အပျော်ဆုံးအချိန်ဖြစ်မည်ဟု ကျွန်တော်ထင်ထားခဲ့သည်။ သို့သော် မှားခဲ့ပါသည်။ ကျွန်တော် မပျော်တတ်ခဲ့ပါ။ အချိန်ဖြုန်းခြင်း သက်သက် ဖြစ်နေသည်ဟု ကိုယ့်ကိုကိုယ် ခံစားရပြီး အရာရာတိုင်းကို စိတ်အလိုမကျ ဖြစ်နေခဲ့သည်။ နာရီတွေက မြန်လွန်းသည်ဟု ထင်မိသည်။

မနေ့က နှင့် ဒီနေ့သည် လည်း အမွှာညီကို လား ဟု သံသယ ရှိလာသည်။ မနေ့က ဒီပုံစံ နှင့် ဖြစ်နေသော ကျွန်တော်သည် ဒီနေ့လည်း ဒီပုံစံ သာ ဖြစ်နေသည်။ အချိန်မှလွဲ၍ ကျန်သော အရာများ မပြောင်းလဲ ဟု ထင်ခဲ့မိသည်။ ဘာမှန်းမသိသော တစ်စုံတစ်ရာကို သာ စောင့်နေရသည် ။ ဆယ်တန်းအောင်စာရင်းလား ၊ သေခြင်းတရားလား ။ ဒါမှမဟုတ် တစ်စုံ တစ်ရာ ဆိုသော အရာကိုလား ။

ပြီးခဲ့ပြီ ဟု ယူဆထားသော စာမေးပွဲရလဒ်အဖြေကိုတော့ ကျွန်တော် စိတ်မောခံပြီး စောင့်နေမိမှာ မဟုတ်။
ထိုကာလများအတွင်း ကျွန်တော် သည် နာရီကိုချွတ်ထားမိပါသည်။

ထို့နောက်တွင်တော့ မခေါ်ပဲရောက်လာသော အောင်စာရင်းထွက်ချိန်သည် ရောက်လာခဲ့သည်။ ပတ်ဝန်းကျင်ကို Day, Date (အတု) ကဲ့သို့ ကျွန်တော်က လျစ်လျူရှုထားပါသော်လည်း ကျွန်တော့်အပေါ် အကျိုးသက်ရောက်မှုများလွန်း သည်ဟု ထင်ပါသည်။ ကျွန်တော့် အောင်စာရင်းရလဒ်သည် ကျွန်တော်ကိုယ်တိုင် အပါအ၀င် ပတ်ဝန်းကျင်က ထင်ထားသည်နဲ့ လွဲခဲ့ပါသည်။ ရလဒ်သည် ဇောက်ထိုး ဖြစ်သည်။ ဆယ်တန်းအောင်စာရင်းမှာတောင် ရလဒ်မကောင်းဘူးဆိုတဲ့ ကျွန်တော့်ကို လူညံ့ဟု သတ်မှတ်ကြပေမည်။

သူတို့ဧ။် သတ်မှတ်ချက်သည် မပြောင်းလဲသောနာရီဒိုင်ကွက် များ ပင်ဖြစ်သည်။

ထို့နောက်တွင် ကျွန်တော့်စိတ်ကြိုက်ဖြစ်သော နာရီတစ်လုံးကို ၀ယ်လိုက်သည်။ ထိုနာရီတွင် စက္ကန့်တံ မပါ။ တစ် မှ ဆယ့်နှစ် အထိ ဂဏန်းများလည်းမပါ။ ပြောင်ရှင်း ၍ ကြည့်ကောင်းနေသော ထိုနာရီကို နောက်ပိုင်းတွင် မိနစ်တံ ၊ နာရီတံများ ပါ ဖြုတ်ပစ်ဖို့ အစီအစဉ်ရှိပါသည်။

14 comments:

Mr.Guiter said...

အဲ့လိုကောင်းကောင်းလေးရေးစမ်းပါ
ပေါတောတောတွေမလုပ်နဲ့

Mr.Guiter said...

အရေးအသားကတော့ ကောင်းတယ် ချော့မွေ့ပါတယ်။ အကြောင်းအရာပိုင်းကတော့ အားနည်းနေသေးတယ်။

နန်းညီ said...

မိုက်တယ်..

နေမိုးဝေ said...

ညီလေးရေ

အတွေးအခေါ်တွေကို ဦးညွတ်ဂုဏ်ပြုမိပါရဲ့  ။
ရှည်ရှည်ဝေးဝေးပြောစရာမရှိပါ။

မျက်ခုံးလေးနည်းနည်းချိုးချင်တာကတော့
အပေါ်ကကောမန့်တွေပါ။
အကြောင်းအရာအားနည်းတယ်ဆိုတာဘာလဲ။
ပေါတောတောဆိုတာဘာလဲ။
အနုပညာလွပ်လပ်ခွင့်ဆိုတာရောဘာလဲ။
စကားလုံးနဲ့ ထိပ်ပုတ်ခေါင်းပုတ်လုပ်ခြင်းဆိုတာကိုပဲသတိရမိတယ်

မျိုးထက်အောင် said...

အရမ်းမိုက်

အိဖူး said...

အချိန်ကို ကိုယ်ကမပိုင်ဘူး.. ကိုယ့်ကိုအချိန်က ပိုင်တယ်ဆိုတာမျိုးပါလား

lovelessguiter said...

ညီလေးရေ.... လာဖတ်သွားတယ်.. နာရီကတော့ ပတ်ကို မပတ်တာ.. အဟ

beautypalace said...

မရေးတော့ လည်း မရေးလို့ 
ရေးတော့ လည်း တကယ်ပဲနော်.. ;)

ခင်မင်စွာနဲ့ 

အစ်မတော်
ပန်းခင်း

Phyo Win Latt said...

နိဂုံးချုပ်ပုံလိုနေသေးပေမဲနဲနဲတော့ဟုတ်လာပြီ။ကိုယ်.ရဲ.နာရီနဲသူတို့နာရီဘယ်လိုကွာသလဲဆိုတာကို contrast လုပ်ပြနိုင်ရင်နိဂုံးချုပ်ပိုကောင်းလိမ့်မယ်။

revolution-littlebrook said...

တွေးတတ်ပါ့ကွာ .. အဲ့လိုဆက်စပ်ပြီးမတွေးကြည့်မိဖူးဘူး ... မိုက်တယ်ကွ

ကိုလူထွေး said...

date အတုနဲ့ ဥပမာပေးထားပုံကို သဘောကျတယ်...

မိနစ်တံတွေ နာရီတံတွေ ဖြုတ်ပစ်တာကိုတော့ သဘောမတူဘူး။ ဘာလို့ နာရီကိုပါတခါတည်း မလွှင့်ပစ်လိုက်သလဲ...

းဝ)

ထွေးငယ် said...

နှစ်သက်မိပါတယ်

မောင်ရှင်းသန့် said...

သို့... ကိုလူထွေး”

နာရီလက်တံ နဲ့ မိနစ်လက်တံတွေ မပါတော့တဲ့ နာရီအခွံကို မစွန့်လွှတ်ရဲသေးတာပါ။ တခါတခါ ကျွန်တော်က ဘာမှမဟုတ်တဲ့ ပညတ်ချက်တွေ ကိုပဲ တွယ်တာနေတတ်ပါတယ်ခင်ဗျာ :)

hip said...

သားကြီးရေမိုက်တယ်ဟ နာလည်းခနနေရင် Monday ရောက်လို့ရုံးသွားရမှာကိုတွေးရင်း မင်းလိုပဲအချိန်တွေကိုနောက်ပြန်လှည့်ချင်လာပြီဟီး. အရမ်းတော့လှည့်လို့မဖြစ်ဘူးSaturday ကျော်သွားရင်weekdayပြန်ရောက်သွားမှာလည်းဆိုးရတယ် ဟဟားးး