ကိုကျော်သူမြင့် ၏ ဆောင်းပါး ....... လတ်တလောအခြေအနေတွင် နိုင်ငံတကာရေးရာ နိုင်ငံရေးဆောင်းပါးများတွင်
အဖန်တလဲလဲ မြင်တွေ့ရသည့် စကားအသုံးအနှုန်းက “ ပါဝါ ” ပင် ဖြစ်သည်။
ယင်းအတွက် အဆိုပါ ဝေါဟာရ၏ အသွင်သဏဏ္ဍာန်က အဘယ်နည်း။ ချားလ်စ်ဒါဝင်က သူ၏
Evolution Theory တွင် ‘ Survival of the Fittest (ကြံ့ခိုင်ရည်
အပြည့်ဆုံး၊ အသန်စွမ်းဆုံးသာ ရှင်သန်ကျန်ရစ်စမြဲ) ဟူသော
လောကနိယာမတစ်ခုအား ဖေါ်ထုတ်၍ သတ္တလောကတွင် လူသားနှင့် အခြားသက်ရှိများ
မျိုးမတုံးဘဲ ကျန်ရှိနေခြင်းကို ညွှန်းပြသည်။ ပညာရှင်တချို့က ၎င်းအဆိုသည်
Social Darwinism သဘောတရားဟု သမုတ်သော ခွန်အားကြီးသူ အနိုင်ရစမြဲ (Might
is Right) ကို အားပေးသယောင်ရှိသည်ဟု ငြင်းချက်ထုတ်သည်။ ၎င်း ပညာရှင်တို့
ဝေဖန်သည်ကို ထောက်ခံချင်စရာကောင်းလောက်အောင်
လည်း သမိုင်းဖြစ်စဉ်
များက သက်သေထူ၏။ အကြောင်းမှာ တောတွင်းဥပဒေသ (Jungle’s Rule) ၏
သားရဲတိစ္ဆာန်တို့အပေါ်တွင် သက်ရောက်သော “အင်အားကြီးသူ အနိုင်ရစမြဲ”
အလေ့အတိုင်း သမိုင်းတွင် အင်အားကြီးနိုင်ငံ(၀ါ) အင်ပါယာများကသာ
စစ်ပွဲတိုင်းနီးပါးအောင်နိုင်ခဲ့၍ ကိုလိုနီ(၀ါ) လက်အောက်ခံများ
ထူထောင်နိုင်ခဲ့၍ ဖြစ်သည်။ သို့လျှင် အင်အား သို့မဟုတ် ခွန်အား(Might)
ကို ပါဝါ(Power)ဟု အစားထိုးအသုံးပြုကြည့်ပါဦးစို့။ ဤတွင်
သမိုင်းကြောင်းတစ်လျှောက် နိုင်ငံများ အင်အား (၀ါ) ပါဝါပြိုင်ခဲ့ခြင်းကို
သုံးသပ်နိုင်သည်။ ပြိုင်ဆိုင်မှုများသည်လည်း ခေတ်အလိုက်၊ ဘက်သန်ရာ
အင်အားအလိုက်၊ စစ်အင်အား (Military Power)၊ စီပွားရေးအင်အား (Economic
Power) နှင့် နည်းပညာအင်အား (Technological Power) ဟူ၍ နိုင်ငံအလိုက်
အားပြိုင်မှုတို့အနက် စစ်အင်အား (Military Power) သည် အကြမ်းကြုတ်
အရက်စက်ဆုံး အင်အား (Brutal Force) ဖြစ်၍ ခေတ်ပညာရှင်တို့က ၎င်းကဲ့သို့ သော
ပါဝါကို ပါဝါအမာ (Hard Power) ဟု သုံးနှုန်းသည်။ ကမ္ဘာဦး လူသားယဉ်ကျေးမှု
(Civilization) ပေါ်ထွန်း ပြီးချိန်မှ ဒုတိယကမ္ဘာစစ် အဆုံးသတ်ချိန်အထိ
ကမ္ဘာနှင့် လူသားမျိုးနွယ်တို့ အား ဖျက်ဆီး၍ အပျက်အစီး အဆုံးအရှုံး
အများအပြားနှင့် အကြီးအမားဖြစ်စေသော ကိစ္စရပ်မှာ အဆိုပါ ပါဝါအမာ (HARD
POWER) ပြိုင်ဆိုင်မှုပင်ဖြစ်သည်။ ဒုတိယကမ္ဘာစစ်ပြီးချိန်တွင်
အင်အားကြီးအဖြစ် ကျန်ရှိသော အမေရိကန်ပြည်ထောင်စု နှင့် ရုရှားအပါအ၀င်
ကမ္ဘာ့စစ်အင်အား ကြီးနိုင်ငံတို့ အမြောက်အမြား သေကျေပျက်စီးစေသော (MASS
DESTRUCTIVE) လက်နက်(၀ါ)နျူကလီးယား (NUCLEAR) လက်နက်ကို ပိုင်ဆိုင်ရာမှ
နိုင်ငံတကာ အသိုင်းအ၀ိုင်းကြားတွင် ကမ္ဘာကြီးပျက်စီမည့်အရေးကို
တွေးပူလာခဲ့ကြသည်။ ဤသည်မှာ ကမ္ဘာကြီးအား ခြိမ်းခြောက်မှုတစ်ရပ် (THREAT)
ပင်ဖြစ်၍ ပါဝါ အမာအား ခြိမ်းခြောက်မှု အင်အားတစ်ခုအနေဖြင့်
သုံးသပ်နိုင်သည်။ ထိုခြိမ်းခြောက်မှုအား ပိုင်ဆိုင်သော
နိုင်ငံများအပါအ၀င် အခြားကမ္ဘာ့နိုင်ငံများသည် ၎င်းပါဝါအားဟန် အဖြစ်
အသုံးပြုသော်လည်း လက်တွေ့အသုံးပြုရန် လက်ရွံ့ ကြသည်။ အထူးသဖြင့်
စစ်အေးကာလအလွန် (POST COLD-WAR ERA) တွင် THREAT ကို သုံးစွဲမှု
လျှော့ချလာကြသည်။ အကြောင်းမှာ တစ်နိုင်ငံနှင့် တစ်နိုင်ငံ လူမှုစီးပွား
အပြန်အလှန်ကူးလူးဆက်ဆံမှု ကျယ်ပြန့်၍ နိုင်ငံအချင်းချင်း
လိုအပ်ချက်ဖလှယ်မှု များပြားလာ၍ ရန်စောင်မှုကို လျှော့ချလိုသည်။
(ပပျောက်လိုသည်ဟူ၍ မဆိုလို) ။ ထို့အတွက် ရှေးနိုင်ငံကူးလူး
ဆက်ဆံနည်းတစ်သွယ်ဖြစ်သော သံတမန်နည်း (DIPLOMACY) ကို သုံး၍
အကျိုးတူစီးပွားအတွက် ဆွေးနွေးသိမ်းသွင်းမှု နှင့် ညှိနှိုင်းမှုများ
ပြုလုပ်လာကြသည်။ ဤ သည်မှာ ပါဝါအပျော့ (SOFT POWER) ကို အသုံးပြုခြင်း
ဖြစ်သည်။ သို့သော် နောက်ကွယ်တွင် ပါဝါအမာပြိုင်ဆိုင်မှုကား
လျော့ကျမသွားဘဲ တစ်နိုင်ငံ နှင့် တစ်နိုင်ငံ သံသယဖြင့်
ရေတိုပူးပေါင်းခြင်းဖြစ်သည်။ အထင်ရှားဆုံးမှာ နိုင်ငံ တစ်နိုင်ငံမှ
အခြားနိုင်ငံအပေါ်ထားသော သဘောထား (DIPLOMACY) မှာ အခြေအနေ အချိန်အခါကို
လိုက်၍ ပြောင်းလဲလျက်ရှိသည်။ ၎င်းကို သံတမန်ဆက်ဆံရေး ဆိုင်ရာ
နိုင်ငံရေးအသုံးအနှုန်းဖြစ်သော “ထာဝရ ရန်သူ၊ ထာဝရ မိတ်ဆွေ မရှိ” (NO
FOREVER FOES NOR FRIENDS) က သက်သေထူသည်။ ဤ တွင်
သဘာဝအရင်းအမြစ်ပိုင်ဆိုင်မှု (POISSON OF NATURAL RESOURCES) ကလည်း
ပါဝါအပျော့ အတွက် အင်အားတစ်ရပ် ဖြစ်လာသည်။ နိုင်ငံတကာ အားပြိုင်မှု
ဇာတ်ခုံပေါ်တွင်လည်း အဆိုပါရင်းမြစ်အင်အားရှိသော
နိုင်ငံငယ်များပါဝင်လာသည်။ အားပြိုင်မှု တွင် လွှမ်းမိုးလိုမှု နှင့်
အလွှမ်းမိုးကင်းလိုမှုတို့သည် အဓိကသော့ချက်ကြီး နှစ်ခုဖြစ်သည်။
လွှမ်းမိုးလိုမှုတွင် အနောက်ပုံစံဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု (WESTERN
MODEL DEMOCRATIZATION) ၊ ခေတ်သစ် စီးပွားရေးအင်ပါယာချဲ့ထွင်မှုတို့၏
သဏ္ဌာန်သည် ထင်ရှားလာပြီး အလွှမ်းမိုးကင်းလိုမှုတွင် အဆိုပါ အပြုခံစနစ်ကို
ဆန့်ကျင်လျက် ကိုယ်တိုင်ပြောင်းလဲလိုမှုနှင့် ပြောင်းလဲမှုကို လက်မခံဘဲ
နဂိုမူလအခြေအနေတွင် “ပိုနေမြဲ၊ ကျားနေမြဲ” ပြုလိုသော သဘောတရားပါဝင်သည်။
ယင်းပြိုင်ဆိုင်မှုမှ ပေါ်ပေါက်လာသော ပဋိပက္ခတို့၏ အခြေခံမှာ မတူညီသော
ပေတံ(၀ါ) စံနှုန်းများကို လက်ကိုင်ထားလျက် ကွဲပြားခြားနားမှုကို
လျစ်လျူရှုခြင်း ပင်ဖြစ်သည်။ ရလဒ်မှာ အင်အားကြီးက အင်အားငယ်ကို
လွှမ်းမိုးလိုသော အလေ့ (SUPERIORITY COMPLEX) နှင့် အင်အားငယ်က
အင်အားကြီးကို အကြောက်လွန်ခုခံသော အလေ့ (INFERIORITY COMPLEX) တို့ကို
တိုးပွားစေ၍ မလိုလားအပ်သော ပြိုင်ဆိုင်မှု (FRIVOLOUS COMPETITION) ၊
သံသယဖြင့် ပူးတွဲမှု (NO-ABSOLUTE ALLIANCE) တို့ကို ဖြစ်ထွန်းစေကာ
ငြိမ်းချမ်းရေးကို အလှမ်းဝေးစေသည်။ ယေဘုယျအားဖြင့် ကမ္ဘာကြီးလုံးလိုသူ
(GLOBALIST) နှင့် ကမ္ဘာကြီးပြားလိုသူ (ANTI-GLOBALIST) တို့အကြား
တိုက်ပွဲကိုဖြစ်စေသည်။ ထိုသို့ တိုက်ပွဲများ ပြိုင်ဆိုင်မှု တို့ကို
ဆန့်ကျင်သော အင်အားစုတစ်ရပ်လည်း ပေါ်ထွက်လာသည်။ အဆိုပါအင်အားစုသည်
ညှိနှိုင်းရေးသဘောတရားရှိသော ပါဝါအပျော့ကို ကိုင်တွယ်ဖြေရှင်းသည်။
ဖြေရှင်းရာတွင် အင်အားရှိသော သဘောကိုဆောင်သော ပေါင်းစုအသံ(COLLECTIVE
VOICE) ဖြစ်ရန် ဒေသဆိုင်ရာ၊ ဘုံအကျိုးစီးပွားဆိုင်ရာ အဖွဲ့ (REGIONAL &
INTEREST-BASED ASSOCIATION GROUP) များ ဖွဲ့စည်းဆောင်ရွက်ကြသည်။ ဥပမာ -
NAFTA . ASEAN . EU . NATO
ယင်းအဖွဲ့အစည်းများသည် ဘုံအကျိုးစီးပွား (COMMON EXISTENCE) ကို
လက်ခံညှိနှိုင်းခြင်း မရှိကြ။ ဘုံအကျိုးစီးပွားမှ လည်း မိမိတို့ နိုင်ငံ၊
မိမိတို့ အဖွဲ့အစည်းစသည့် အကျိုးမျှော်အဖွဲ့ခွဲ (SEGREGATION) ရေးကိုသာ
ဦးတည်၍ ကိုယ်ပိုင်အင်အားတောင့်တင်းရေးကို ကျင့်သုံးဆောင်ရွက်ကြသည်။
မူလဖေါ်ပြခဲ့သည့် အဆိုကို ပြန်ကောက်ယူရလျှင် ဒါဝင်၏ လူမှုတရား (SOCIAL
DARWINISM) ကို တလွဲကောက်ယူကျင့်သုံးလာကြသည်။ ကိုယ်ပိုင်ရာ ဆိုင်ရာ
အဖွဲ့၏ အကျိုးစီးပွားပြည့်မီရေးသည် ကြံ့ခိုင်မှုအင်အား (FIT) ဖြစ်စေ၍
ကိုယ်ပိုင်ရှင်သန်မှု (SURVIVE) ခိုင်မာစေသည်ဟု ယူဆလာကြသည်။
ကမ္ဘာ့လူ့အဖွဲ့အစည်း အားလုံး၏ တူညီသော ရပ်တည်ချက်ဖြစ်သော လူသားအဖွဲ့အစည်း
(HUMANITY) မှ ဖယ်ခွာစဉ်းစားကြသည်။ လူသားအဖွဲ့အစည်း၏ အရှည်တည်တံ့ရေး
အတွက် ကြံ့ခိုင်ရေး (FITNESS 0F HUMANITY) ကို စဉ်းစားဆောင်ရွက်ခြင်း
မပြုကြ။ ထိုသို့ မပြုကြသည့် အတွက် လူသားမျိုးနွယ် အချင်းချင်း
သေကျေပျက်စီးစေခဲ့သည့် သမိုင်း၏ သင်ခန်းစာများကိုလည်း ဆည်းပူးခြင်း မရှိ။
တနည်းဆိုသော် သမိုင်းကို တစ်စချင်း၊ တစ်ပိုင်းချင်း
ခွဲခြမ်းစိတ်ဖြာလေ့လာသုံးသပ်ခြင်း (DECONSTRUCTION) အလျှင်းမရှိကြ။
ထိုသို့ လေ့လာသုံးသပ်သော ပညာရှင်တို့၏ အဆိုကို ပယ်ချခြင်း၊
ထိုပညာရှင်တို့ကို ကန့်သတ်ဖမ်းဆီးခြင်း တို့ကိုသာပြုလုပ်ကြသည်။
ဤမျှမိုက်ကန်းသော ၊ ပညာရှင်မဆန်သော၊ ရေတိုကြည့်နိုင်ငံရေးပြုမူဆောင်ရွက်
ချက်များအား ကျွန်ုပ် တို့ သတိပြု၊ သုံးသပ်၍ အရေးယူဆောင်ရွက်ခြင်း
မရှိပါက သမိုင်း၏ မိုက်မဲမှုများသည်သာ တစ်ကျော့ ပြန်လာ၍ လူသားအဖွဲ့အစည်း
၏ ပျက်စီးဆုံးရှံးမှုကိုသာ မြင်တွေ့နိုင်မည်။ ၎င်း အပြင် လူသားမျိုးနွယ်၏
အရှည်တည်တံ့ရေး (SUSTAINABILITY) သည် ထာဝရ မေးခွန်းကြီးသဖွယ်
ဖြစ်ချေလိမ့်မည်။