Sunday, May 6, 2012

“ရာသီလေလား... နွေ”

ကောင်းကင်က ကျလာမယ့်
မျက်ရည်စက်တွေကို စောင့်မျှော်ရင်း
ဒီနွေကိုဖြတ်ခဲ့ရ
ဘဝဟာ မတူတဲ့နွေတွေစုပေါင်းကဗျာ
မရိုးမသား သွေးခြေဥ နှလုံးသား
ရင်ခုန်သံ မြန်လာရင်
ငါ့ကိုယ်ငါ ဒီကာလမှာ
သစ်ရွက်ခြောက်တွေကြား ဝင်ပုန်းခဲ့ချင်တာ။        ။ (ဖိုးသင်္ကြန်)

ဓမ္မတာနွေဟာ
အခုတော့လည်း
ကမ္ဘာမြေအတွက် ငြိုငြင်စရာအတိပေါ့....။
ထင်ရာစိုင်းတတ်သူ သားသမီးအချို့ကြောင့်
ချပ်ဝတ်စိမ်းရင်ဝတ်လွှာမဲ့
အရှက်သည်းသူ အပျိုစင်မိခင် ခမျာ
မျက်ရည်စက်လက်အပူအပင်တွေနဲ့
ပူ..ပူ... ပင်..ပင်...
သောကတွေက နွေမှာ နွေလိုဝေလို့။    ။ (နန္ဒာစစ်အောင်)

နွေ...
နင်ဟာနွေ ပီသဖို့
မိုးအုံ့ပြစရာမလိုပါဘူး ။
ရေခဲချောင်းသည်လေးရဲ့
ခေါင်းလောင်းသံကြား
ပြတ်သားစွာ ပူပြင်းကြရုံ။
စိမ့်အေးနေတဲ့ အရိပ်ကလေးအောက်က
ငါ့ကို
အပူမာယာတွေ ခွဲပြနေတုန်း....
ဒီတခါနွေမှာ
ကုက္ကိုပင်အောက်က စောင့်နေမယ်။    ။ (မောင်ရှင်းသန့်)

မီးလိုလို
အမူပိုလည်း
နွေကို နွေလို ချစ်ကြရုံ
နွေဟာ...
ပါးချိုင့်ကလေးနက်အောင် မပြုံးတတ်သူ
ရေတမာပင်တွေကြားက အရှက်သည်းသည်းဖျောက်ပြတဲ့
နေပြောက်မဟုတ်ဘူး
ဖွေးဖြူပြောင်လက်နေတဲ့
လွင်တီးခေါင်ပြင်....
တရာသီလုံးစာ ရင်ခွင်မှာ
အပူအပင်တွေ
ဖွင့်လှစ်ပြရုံ...... ။    ။ (နေမိုးဝေ)

No comments: