Sunday, January 25, 2009

မှော်ဘီ ခရီးစဉ်

ဒီတစ်ပတ် ကျွန်တော် အားတဲ့ ရက်မှာ ကျွန်တော့်ရဲ့ အစ်မ၀မ်းကွဲ ဆီကို အလည်သွားဖြစ်ခဲ့ပါတယ်။ သူကမှော်ဘီမှာနေတာ သိပ်မကြာသေးပါ။ ကျွန်တော်ကလည်း မှော်ဘီ ဆိုတဲ့ဆီကို ကြားသာကြားဖူးနေတာ တစ်ခေါက်မှ မရောက်ဖူး ဘူး။ ဘယ်နားမှာ ရှိမှန်းကို မသိ။ ဒါနဲ့ အစ်မကို ဖုန်းဆက်မေးရသေးတယ်။ပြီးမှ
ခရီးစဉ် အတွက် အစီအစဉ်ဆွဲ ရတာ။

အစ်မ လို့ သာ ပြောတယ် ၊ တစ်သက်နဲ့ တစ်ကိုယ် စကားကို ၂ နာရီပြည့်အောင်မပြောဖူးဘူး ။ ရင်းရင်းနှီးနှီး လည်း မရှိလှဘူးပေါ့။တစ်ယောက်နဲ့တစ်ယောက် ခပ်စိမ်းစိမ်း ပဲ။

သွားဖြစ်မလို မသွားဖြစ်မလိုနဲ့ နောက်ဆုံး တော့ သွားဖို့ဆုံးဖြတ်လိုက်တယ် ( ထမင်းတွေဘာတွေ ချက်ကျွေးမယ်ဆိုလို့ :P ) ။ မနက် ၈ နာရီလောက်ကတည်းက ကားဂိတ်မှာ ကားစောင့်နေရတာ ။ ကားကတစ်စီးမှ မတွေ့ ။ ဒါနဲ့ ဖုန်းထက်ဆက်လိုက်ရသေးတယ် ။ “ ဟိုင်းလက် တွေစီး နော် ၊ ဒိအပြင်ကားတွေမစီးနဲ့ ကြာတယ်” တဲ့ ။

ဒါနဲ့ သူပြောတဲ့ကားကိုစောင့်နေ တာ ၉ နာရီ ကျော်သွားတယ်။ ကားဂိတ်က ကွမ်းယာသည်တွေက ကျွန်တော့်ကို မသင်္ကာ သလိုလို နဲ့ ကြည့်နေကြပြီ(ဒီကောင်
ဘာများချောင်းနေလဲ ဆိုပြီးတော့ :P ) ။ ကျွန်တော်လည်း ကြာတော့ရှက်လာတာနဲ့ ဟိုနားရွှေ့ထိုင် ဒီနားရွှေ့ထိုင်လုပ်နေရတယ်။ ပြီးတော့မှ ကားက ရောက်လာပါလေရောဗျာ ။
ဟဲဟဲ ဘာပြောကောင်းမလဲ ၀မ်းသာ သွားတာပေါ့ ။

“ မှော်ဘီကားလားဗျ” ကားဒရိုင်ဘာ နား ကပ်ပြီးမေးလိုက်တော့ ။ ကားဆရာက ပါးစပ်ကတောင်ပြန်မဖြေဘူး ၊ လက်ဟန်ခြေဟန်နဲ့ တက်ခိုင်းတော့တာပဲ(ကွမ်းယာစားထားလို့လားမသိ)။
“ ရှေ့ခန်းကရလားဗျ” ။
ဒါလည်း ပါးစပ်က ပြန်မဖြေ၊ ဇွတ်တက်ခိုင်းနေတယ်(နောက်က ကျားလိုက်နေလားမသိ) ။

နောက်ခန်းကမစီး တာတခြားကြောင့်မဟုတ်။ ကိုယ်မရောက်ဘူးတဲ့ နေရာဆိုတော့ ဒရိုက်ဘာ နားကပ်ပြီး တတွတ်တွတ်မေးနေမှ ၊ ဒီလိုမှမဟုတ်ရင် ပါချင်ရာပါသွားမှာစိုးလို့။
ဒီလိုနဲ့ ကားရှေ့ခန်းက အူကြောင်ကြောင်နဲ့ လိုက်လာခဲ့တယ်။

ကားဆရာက အချိန်တော်တော်ကြာတဲ့အထိ ပိုက်ဆံမတောင်းသေးဘူးဗျ ။ တစ်ဂိတ်ပြီးတစ်ဂိတ်သာဖြတ်လာတယ် ပိုက်ဆံက အခုထိမတောင်းသေးဘူး။ ကြာတော့သံသယ ရှိလာပြီ။ ကားရဲ့ ဆိုင်းဘုတ်က ဘာတဲ့ “ ပြည့်စွမ်းအား” ဆိုလား။ ပြီးတော့ ကျွန်တော့်ကို ဒီလူက အကောင်ကြီးသားသမီး နဲ့လူမှားပြီး ပိုက်ဆံမတောင်းတာလား ။ အာ… ဒါတော့မဖြစ်နိုင်ဘူး ဘာလို့လဲဆိုတော့ ကျွန်တော့်ရုပ်က အဲဒီလို သာပေါင်းညာစား ရုပ်မှ မဟုတ်တာ :P။

အင်း…… ဒီလိုဆိုရင် ဥပတိရုပ်က ခန့်လွန်းလို့ ကြည်ညိုပါတယ်ဆိုပြီး မတောင်းရဲတာလား (ကိုဖြိုးစကီး ကတော့ပြောတယ် ကလေးမသာရုပ်တဲ့ :P )။ ဒါကလည်းမဖြစ်နိုင်ဘူး ။
သူတောင်းမှ ပေးရင်ကောင်းမလား ကိုယ်က စပေးရင် ကောင်းမလား ဆိုပြီး တစ်လမ်းလုံး စဉ်းစားနေတာ။ သူက အလားစီး ပါလို့ ပြောရင်တောင် ကိုယ်က မစီးချင်တာအမှန်။ သူများဆီက လူပေါ်လူဇော်လုပ် ပြီး ဘာကိုမှ မလိုချင်။ ဒါကြောင့် ကျွန်တော် ပိုက်ဆံ အိတ်ထုတ်ပြီး ပေးဖို့ပြင် လိုက်တော့တယ်။

“ အကိုရေ ကားခက ဘယ်လောက်လဲဗျ”
“ ၈၀၀ ပါညီ”

ကဲ နည်းနည်းတော့အသက်ရှူချောင်သွားပြီ။

“ ခရီးက တော်တော်ဝေးဝေး ကျန်သေးလားခင်ဗျ” ၊
“ အေးညီ.. တော်တော်ဝေးသေးတယ်” တဲ့။ အခုမှ စိတ်ထဲပေါ့သွားတယ်။

“ ကျွန်တော်က ဒီဘက်တွေ တစ်ခါမှ မရောက်ဖူးဘူးခင်ဗျ။ ဒါကြောင့် မသိလို့မေးကြည့်တာပါ။ အင်း… ဒါနဲ့ အခုဘယ်ရောက်နေတာလဲဗျ” ၊
“အခု ထောက်ကြန့် ကျော်ကျော် ပဲရှိသေးတယ်ညီ၊ တော်တော်သွားရအုံးမှာ” တဲ့။
အော်….. ဒီလိုတော့လည်း ကားဆရာ က သဘောကောင်းသား ။

ဒီလိုနဲ့ ကျွန်တော်လည်း စကားမပြောဘဲ ပတ်ဝန်းကျင်ကို ငေးကောင်းကောင်းနဲ့ ငေးနေမိတယ်။ ရန်ကုန်မြို့ထဲမှာ ဆို လူတွေနဲ့ ဘက်စ်ကားတွေနဲ့ ပဲ ရှုပ်ထွေးနေတယ် ၊ အခု ချက်ချင်းဆိုသလို မြင်ကွင်းက ပြောင်းသွားပြီ။ စိမ်းစိမ်းစိုစို သစ်ပင်တွေ ၊ သဘာဝကျကျ မြင်ကွင်း တွေနဲ့ ဆိုတော့ သိပ်ကြည့် လို့ကောင်းတာပဲ။

တချို့နေရာမှာ သစ်ပင်တွေ က အုပ်မှိုင်းနေတယ်။ တချို့နေရာမှာ ကလေးတွေ လမ်းဘေးမှာ အပူအပင်ကင်းစွာ ဆော့ကစားနေတယ်။ တချို့နေရာမှာ ဟင်းရွက်တွေတင်ထားတဲ့ စက်ဘီးတွေနဲ့ ဈေးသည်တွေ ။ ကြည်နေရတာ ကြည်နူးစရာတော့ ကောင်းသား။

တော်တော်ကြာကြာ ကားစီးပြီးတော့ ကားဆရာက “ ညီလေး….၊ မင်း
ဆင်းမယ့် မှတ်တိုင်က ရှေ့ နှစ်မှတ်တိုင်ဆိုရင်ရောက် တော့မယ်နော်”တဲ့ ။ ဒါနဲ့ ကျွန်တော်လည်း လှုပ်လှုပ်ရွရွ နဲ့ ဆင်းဖို့ ready လုပ်ထားရတယ်။

ဆင်းခါနီးတော့ …. ကားဆရာကြီးကို စပ်စုပြီးမေးလိုက်သေးတယ် “ အကို ၊ ဆရာကြီး မင်းသိင်္ခ ရဲ့ ခြံက ဘယ်နားမှာလည်းဗျ”( ကျွန်တော် ဗေဒင်တို့ ဂမ္ဘီရ တို့တော့ ၀ါသနာမပါ၊ ဒါပေမယ့် ဆရာကြီး ရဲ့ စာတွေဖတ်ဖူးတော့ ဆရာကြီးရဲ့ အကြောင်းကိုတော့စိတ်ဝင်စားပါတယ် )။ “အော်… သူ့ခြံက မြို့ အထွက်နားလေးမှာကွ၊ မင်းဆင်းရမှာက မြို့ အ၀င် ၊ နည်းနည်းတော့ လှမ်းတယ် ညီရ… ” ကားဆရာက စကားပြောချိုသာပါတယ်။ သူ့စကားပြောသံ ကြည့်ရတာ သူများကို ကူညီချင်စိတ်ရှိတဲ့ပုံပဲ။

“ ညီရေ.. ဒီမှတ်တိုင်ပဲကွ၊ သေသေချာချာကြည့်ဆင်းညီ ၊ အေးအေးဆေးဆေးသာ လုပ် ကိစ္စ မရှိဘူး” တဲ့ ။ ဒါနဲ့ ကျွန်တော်လည်း “ ဟုတ်ကဲ့ အကို၊ ကျေးဇူးပဲခင်ဗျ ၊ သွားလိုက်မယ်ခင်ဗျ” စသည်ဖြင့် မျက်နှာကို အချိုသာဆုံး အနေအထားရောက်အောင် ထားပြီး နှုတ်ဆက်ခဲ့ပါတယ်။
တစ်ခါတစ်ခါ ဒီလိုမျိုး အဖြစ်အပျက်လေးတွေက လည်း ကြည်နူးစရာကောင်းလှတယ်။လူအချင်းချင်း လေးစားတတ်တဲ့ အကျင့်က လူတိုင်းမှာသာရှိရင် သိပ်ကောင်းမှာပဲနော် …… ။

ဒီလိုနဲ့ ကျွန်တော့်အစ်မအိမ်ကို တောင်မေးမြောက်မေးနဲ့ ရောက်သွားတယ်။ ကျွန်တော်ရောက်တော့ မနက် ၁၀နာရီခွဲ ပဲရှိသေးတယ်။ ထမင်းမကျက်သေးဘူးတဲ့ ။
ဟီဟိ သူကလည်း ကျွန်တော် လာမှာဆိုပြီး အထူးဟင်းလျာတွေ ချက်ထားတယ်တဲ့
“ ၀က်သားနဲ့ မရမ်းသီး၊ မျှစ်နဲ့ပဲ ၊ ပဲဟင်းချို၊ ပုန်းရည်ကြီးနဲ့ဝက်သား၊ကုန်းဘောင်ကြီးကြော်” တဲ့။ သိပ်မကြာပါဘူး ၊ ခဏလောက်စောင့်ပြီး သူ့ရဲ့ ဟင်းတွေက ကျက်ပြီ။ ဒါနဲ့ နှစ်ယောက်သား အားရပါးရစားကြတယ် ။

ထမင်းစားပြီးတော့ အအေးတွေ ဘာတွေတိုက်သေးတယ် ။ ပြီးတော့ အားရပါးရလေပန်းတော့တာပဲ ။ ကျွန်တော် က မနည်းမှီအောင် ခေါင်းလိုက်ညိမ့်နေရတယ်(သူ့စကားကို ထောက်ခံကြောင်း) ။ သူမောမမော တော့မသိ ၊ ကျွန်တော်ကတော့ လည်ပင်းတွေတောင် ညောင်းလာသလိုပဲ ။
ပျော်ဖို့တော့ကောင်းတယ်။
အရင်က ကျွန်တော့် ဒီလိုရင်းရင်း နှီးနှီး မနေကြဘူး။ သူကလည်း ကျွန်တော့်ကို စကားပြောတယ်မရှိ။ ကျွန်တော်ကလည်း စကားပြောရမှာ ပျင်းတာနဲ့ မပြော ။ ဒီလိုနဲ့ အခုမှ အားရပါးရ ပြောဖြစ်ကြတော့တယ်။ အဓိကအကြောင်းအရင်း ကတော့ သူတစ်ယောက်ထဲ ဆိုတော့ စကားပြောရမယ့်လူ မရှိလို့ ခေါ်ပြီး နားပူပေးတာ ဟီဟိ။

နောက်ပြီး ကျွန်တော့်ကို ပြန်ခါနီး ပြောလိုက်သေးတယ် “ နောက်အပတ် အားရင်လည်း လာခဲ့ပါအုံးဟာ၊ ငါ့တစ်ယောက်ထဲ ပျင်းလွန်းလို့ပါ ” တဲ့။ အရင်ကဆိုရင် ကျွန်တော်က
သူနဲ့ ပတ်သက်လို့ ဘာခံစားချက်မှ မရှိ။ အခုတော့ သနားသလိုလို ဖြစ်လာတယ်။
ပြန်အထိ ကျွန်တော့်ကို နောက်အပတ် လာဖို့ ပဲ ပြောနေတယ်။ “ အားလို့ရှိရင်တော့ လာခဲ့မယ်လေ …..” ကျွန်တော်လည်း ၀ိနည်းလွတ်ဖြေခဲ့ရတယ် ။ ရမ်းပြီးတော့ ကတိ မပေးရဲဘူးလေ ။တော်နေ မလာဖြစ်ခဲ့ ရင် ပြောလို့ပြီးမှာ မဟုတ်ဘူး ။

ကောင်းပါတယ်………… ။ အရင်က ခပ်စိမ်းစိမ်း နေလာခဲ့ကြတာ ။ အခု လို တရင်းတနှီး နဲ့ ချစ်ချစ်ခင်ခင် ဆိုတော့ ၀မ်းသာစရာပေါ့ ။

ဒီလိုနဲ့ ဘက်စ်ကားနဲ့ ပဲ ရန်ကုန်ကို ပြန်လာခဲ့ပါတယ်။ အပြန်ခရီး မှာတော့ အသွားနဲ့ မတူတော့တာအမှန်ပင် ။ ကျွန်တော့် အတွက် ပီတိလေးကို ပါဆယ်ထုတ်ပေးလိုက်တယ်နဲ့ တူပါရဲ့ ။

အိမ်ရောက်တော့ ကျွန်တော် ရဲ့ ခရီးစဉ်အကြောင်းကို သုံးသပ်ကြည့်မိတယ်။ အချည်းနှီးမဖြစ်ခဲ့တာတော့သေချာသည် ။

ကျွန်တော့်ရဲ့ မောင်နှမပြန်လည် သင့်မြတ်ရေး ခရီးစဉ်ဟာ အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့ပါတယ် ။

သို့သော် ကျွန်တော်သည် ကိုယ်စားလှယ် မဟုတ် ပါ ။

16 comments:

ဖိုးဂျယ် said...

ဒါလဲ ပိုစ့်ဖြစ်တာပဲလား တော်ပါ့ တော်ပါ့
ရေးတတ်ပါ့

Aye Myat Myat Ko said...

ကောင်း၏
တခါတလေ အဲလို ပေါ့ပေါ့ပါးပါး ချစ်စရာ post လေးတွေ ဖတ်ရတာ စိတ်ချမ်းသာပါ၏
:)

mirror said...

အလဲ့....၊လက်တွေသွက်လာပီ။ဆက်ချဗျား။
လိုချင်ရာ ဆွဲတွေးပြီး သေချာဖတ်သွားတယ်။

revolution-littlebrook said...

ဟေ့ ငါ့ညီ....အဲလိုနေကွ...ဘ၀ရဲ့အရသာပဲ...မိုက်တယ်
ငါဆို မောင်နှမတွေ တပြုံကြီးနဲ့နေချင်တာ...

မီးတောင် said...

မောင်နှမတွေ
ခပ်စိမ်းစိမ်းဖြစ်နေရာရနေပြီး တရင်းတနှီးဖြစ်သွားတဲ့အချိန်ကလေးက ဘယ်လိုမှပြောလို့မရတဲ့ပျော်ရွှင်စရာအချိန်ကလေးပေါ့ ။း)

ကျွန်မလည်း မောင်နှမဝမ်းကွဲတွေနဲ့ အခုအချိန်အထိ တရင်းတနှီးကြီး မနေဘူးပါဘူး ။ နေတဲ့အရပ်တွေက တောင်တစ်ယောက် မြောက်တစ်ယောက်နဲ့ ....း(..

မောင်မျိုး said...

ငတ်ကြီးကျတဲ့ ကောင်လေး သူစားရတော့တစ်မျိုး ဟွန်းး ပြောချင်ဘူး စားကောင်းလား အစ်ကိုလည်း စားချင်သွားတယ် =)

ဆုငယ်. said...

ပာားပာ ကိုဖိုးဂျယ်ပြောသွားတာရယ်ချင်တယ်။ ဒါပေမဲ့  မောင်လေးက အရေးအသားကောင်းတယ်သိလား ဘာပဲ ဖြစ်ဖြစ် ဖက်လို့ ကောင်းတယ် မောင်လေးရဲ့ ကြိုးစား။ စာလုံးပေါင်းရော အရေးအသားရော အမှားမရှိလောက်အောင်ကိုပြေပြစ်ကောင်းမွန်လို့ ချီးကျုးပါတယ်ရှင်။

အိမ် said...

ဖတ်သွားတယ်ဗျို့ တော်ပါပေ၏
ဘာလိုလိုညာလိုလိုနဲ့ အဆုံးအထိ ဆွဲခေါ်သွား
တယ်ဗျ။

ဖြိုးစကီး said...

ဟေး BBD လေး..

နာက ဘူမှ ပြောတာဟုတ်ဝူးနော်..
နင့်ဟာနင် ဖွတာ..
နာက BBD လေးပဲခေါ်တာ..ကလေးမသာလို့ခေါ်ပါဘူး..
babydeath ဆိုတာလေးက လှလို့ပါ..။
ဟဟ.. :P

ရေးထားတာလေးက သွက်သွက်လက်လက်လေး..
ဖတ်လို့ကောင်းတယ်..
မောင်နှမသင့်မြတ်ရေး အစီအစဉ်..လို့ ရေးထားတော့
ဘာပဲဖြစ်ဖြစ် အခုလို အမျိုးတွေနဲ့ အဝေး.. တစ်ယောက်တည်းနေနေရတဲ့
အစ်မ၀မ်းကွဲလည်း မင်းကိုတွေ့တော့
ဝမ်းသာမှာပါ..
မောင်နှမတွေအပြင်..မိဘတွေနဲ့ပါ
အဆင်ပြေပါစေလို့ ဆုတောင်းပါတယ်..။

ဖြိုးစကီး

ဝေလေး said...

အရေးအသားလေးသွက်တော့ ဖတ်လို့တယ်ကောင်း... ဟင်းတွေကလည်း စားချင်သွားတယ် ခုတောင် ဗိုက်ဆာလာပြီ.. :)

နန်းညီ said...

မိုက်သဗျ.. အဲ့ကား ဒရိုင်ဘာမျိုး.. ပြတိုက်ထဲ ထည့်ထား၇မလို

သက်တန့် said...

ပီတိတွေ ပါဆယ်ပြန်ပါလာတဲ့ ခရီးစဉ်လေးက ကြည်နူးဖွယ်ပါ မောင်လေးရေ... :)

flowerworld said...

ဟင်းနာမည်တွေဖတ်ရင်းနဲ့ဗိုက်တောင်မြည်လာတယ်
အစားပုပ်လေးပဲနော်..း)

JulyDream said...

မှော်ဘီသွား တောလာကြီး ကို ဖတ်သွားပါတယ်။ ကားသမားကြီးရဲ့ သဘောကောင်းမှုက ကြည်နူးစရာပါပဲဗျာ။ အဲဒီလို ကားသမားတွေ အများကြီး ရှိနေအုံးမှာ။ ကားသမားတွေ အပေါက်ဆိုးတဲ့ အကြောင်းတွေ ရေးကြတာ များတော့ ကောင်းတယ်လို့ မထင်မိကြတာပါ။

ပီတိ(စိတ်ပညာ) said...

နာ့ကို ပါဆယ်ထုတ်ပေးလိုက်တယ်ပေါ့လေ ။ :P

အိဖူး said...

ပီတိတွေပါဆယ်ပါလာတယ်ဆိုတော့မိုက်တာပေါ့ .. မောင်နှမတွေချစ်ချစ်ခင်ခင်နေတာကောင်းပါတယ် .. အားပေးတယ် .. သူလည်းတစ်ယောက်တည်းဆို ပျင်းရှာမပေါ့ ..