Wednesday, September 14, 2011

စိတ်မှာမှောင်တာလား၊ ညမှာမှောင်တာလား

ကွယ်ပျောက်သားပြီးသား
အရာများ
တခါတရံ လိုချင်တောင့်တချင်လို့ရရဲ့။

ဒီဇာတ်လမ်းမှာ
ဒီလှေဟာ ကြိုးမပြတ်ပဲမျော
စိတ်တောင်စွယ်မှာ လ, ကွယ်ရင်
ကိုယ့်ကို ပြန်မမြင်တဲ့ မှန်လို
ဦးနှောက်တွေကို ရှင်းရှင်းလင်းလင်း
ရှိစေချင်။ (ဖိုးသင်္ကြန်)


မီးကျိုးမောင်ပျက်၊ ဓါတ်တိုင်တွေ
လမ်းပေါ်လဲကျတာမှ
ကြည့်လို့ကောင်းဦးမယ်။

ငါ့စိတ်ငါ စီရီမထားနိုင်တာက
ပုပ်သိုးဆိုးရွား

ကြယ်တွေနဲ့ မီးခိုးငွေ့တွေ
အကြောင်းပဲ ပြောနေကြတယ်ဆိုရင်လည်း
ငါ့ကို အပြစ်မဆိုလေနှင့်။

ငါ့မျက်နှာပေါ်မှာလဲ၊ ငါ့စိတ်
မထင်ဟပ်တော့။

စိတ်ကိုမစီနိုင်တဲ့ နောက်မှာ
စကားလုံးတွေ ငိုကြွေးကြလော့။ (မောင်ရှင်းသန့်)

ပြန်လည်ဦးတည့်ရန်
ခက်ခဲသောကာလ၊
တိုတောင်းသော ဥပေက္ခာ သန်းခေါင်။

ဒီအရောင်၊ ဒီအမှောင်ကြောင့်ပဲ
ဒီကောင်လမ်းပျောက်ခဲ့တယ်။

အပေးအယူဆန်လွန်းတဲ့
သောင်တင်ရေမကျ လမ်းမများထက်
မျောချင်တိုင်းမျော . . .
မောပန်းလွန်းစွာ ။

သန့်စင်မြင့်မြတ်သော
စိတ်ဝိဥာဉ် တံတိုင်းပေါ်
ကျွန်တော် . . . . . . .။ (နေမိုးဝေ)

11:55 pm
August 21, 2011.
ဖိုးသင်္ကြန်၊ မောင်ရှင်းသန့်၊ နေမိုးဝေ၊
ftsol

မက်မော တွယ်တာခဲ့ရသော လက်ဖက်ရည်သောက် ညနေများ

ဟုတ်တာပေါ့.. ။
ကျွန်တော်လဲ မကြာခဏ ပြောပါတယ်။
လက်ဖက်ရည်ဆိုင်ထိုင်ကြတာက လက်ဖက်ရည်သောက်ဖို့အတွက်ပဲ မှမဟုတ်တာ။
သူငယ်ချင်းတွေနဲ့ ထွေရာလေးပါး စကားပြောဖို့အတွက် လက်ဖက်ရည်ကျကျ တခွက်ကို အမြည်းသဘောမျိုးနဲ့ သောက်ခဲ့တာပဲ။ ဒီလိုနဲ့ ကျွန်တော်အတွက် လက်ဖက်ရည်ဆိုင်က ပြန်ပြောစရာတွေ အများကြီးဖြစ်လာရတယ်။

လက်ဖက်ရည်ဆိုင် ထိုင်ရင်း အိမ်ပြန်ညဥ့်နက်ရတဲ့ ညတွေက ပိုပြီးကျေနပ်ဖို့ကောင်းတယ်။ တခါတခါ စကားပြောရတာ အပေးအယူမမျှရင် ဒါမှမဟုတ် မနူးမနပ်စကားတွေ ကို လက်ခံပြောနေရရင် လက်ဖက်ရည်ဆိုင်မှာ ထိုင်နေရတဲ့ အချိန်တွေက သိပ်ပြီးပျင်းဖို့ကောင်းတယ်။

ကျွန်တော့်မှာ တာဝန်တခုအနေနဲ့ အရေးတကြီး လုပ်စရာအလုပ်မရှိခဲ့တာ အတော်ကြာခဲ့ပြီ။ ဒါကြောင့်ပဲ တခြားသူတွေ မရနိုင်တဲ့ အခွင့်အရေးတချို့ ကျွန်တော့်မှာရှိခဲ့တာပေါ့။ မနက်မိုးလင်း ကစပြီး ကိုယ်လိုဘ၀တူ သူငယ်ချင်းနဲ့ စကားတွေချွေလိုက်ကြတာ ညမိုးချုပ်အထိပါပဲ ဆိုတာက ကျွန်တော့်ဘ၀ ဖြစ်စဉ်တွေထဲမှာ တော်တော်များများရှိခဲ့တာပဲ။ ဒီလိုနေ့မျိုးဆိုရင် ရေနွေးကြမ်း ခုနစ်အိုး လောက်ကုန်ပြီး ဆိုင်ရှင်ကျွေးတဲ့ ထမင်းကို ကပ်စားကြတယ်။

နောက်ပိုင်းတော့ ကျွန်တော့်ရဲ့ လက်ဖက်ရည်ဆိုင်ထိုင်တဲ့ အခြေအနေပြောင်းလဲသွားခဲ့တယ်။ ကျောင်းတဖက် နဲ့ ဆိုတော့ အရင်က အပေါင်းအသင်းတွေနဲ့လဲ ဝေး ၊ လက်ဖက်ရည်ဆိုင် ထိုင်ရတဲ့အချိန်တွေကလဲ အကန့်အသတ် ဖြစ်လာတယ်။ ဒါပေမယ့် တောင်ပေါ်ညနေခင်း တွေမှာ လမ်းလျှောက်ပြီး တခုတည်းသော လက်ဖက်ရည်ဆိုင်ရှိရာကို သွားရတာက မတူခြားနားတဲ့ အရသာတခုဖြစ်လာခဲ့တယ်။

ရန်ကုန်က လက်ဖက်ရည်သောက် ညနေခင်း တွေကိုတော့ အခုထိ မက်မောဆဲ။ ရွှေ ၊ ပလန်းနက် ၊ လက်ကီးဆဲဗင်း ၊ အိုင်တီ ၊ စိတ်ကြိုက်ကောင်းကောင်း ၊ ကုလားဘုရားကျောင်း ရှေ့ က ပလပ်ဖေါင်းဆိုင်၊ နောက် ရန်ကုန်တက္ကသိုလ်ထဲက အန်တီဝင်းရဲ့ဆိုင် .... ။ ဒီဆိုင်တွေက ကျွန်တော်တို့ ရဲ့ အလုပ်ရုံဆွေးနွေးပွဲ လုပ်ရာ နေရာတွေပဲ လို့ ပြောရင် မမှားနိုင်။ ကျွန်တော့်အတွက်တော့ အလုပ်လို့ ပြောလို့ရတဲ့ ,ဘာမဟုတ်တဲ့အကြောင်းတွေကို အရေးကြီးခွင်ကျယ် ပြောနေခဲ့မိတာပါပဲ။ ကျွန်တော်တို့ အဖြစ်ကတော့ စာအုပ်လေး ဆယ်ဂဏန်းကျော်ကျော်ဖတ် ပြီး စာပေအကြောင်းဆွေးနွေးကြသတဲ့ ၊ကြားဖူးနားဝ သဘောတရားရေးရာတွေ ငြင်းခုန်ကြသတဲ့၊ အင်တာနက်ကနေ ပုံမှန်တက်နေတဲ့ သတင်းတွေဖတ်ပြီး နိုင်ငံရေးအကြောင်း ပြောကြသတဲ့ ၊ မိဘမဲ့ကလေးတွေ ရဲ့ ပညာရေး အတွက် ဆိုပြီး တနင်္ဂနွေနေ့တိုင်း ပျော်ပွဲစားဆန်ဆန် ပရဟိတလုပ်ငန်းတွေကို အစီအစဉ်ချကြသတဲ့ ၊ အနာဂါတ်ကာလ မှာ တည်ထောင်လိုတဲ့ လိုက်ဘရီကြီး တခု အကြောင်း အိမ်မက် မက်ကြသတဲ့။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်ဆိုတဲ့ကောင် ကလဲ ဒီလိုအချိန်တွေကိုမှ သာယာနေမိခဲ့တယ်။ စမ်းချောင်းထဲက ပလန်းနက်မှာ ထိုင်ရတဲ့ ညနေတွေက ဘ၀မှာ အတမ်းတဆုံး ဖြစ်နေပြီ ထင်ပါရဲ့။

ညနေရောက်တိုင်း ဖုန်း နဲ့ အချိန်းအချက် လုပ်ပြီး စုရပ်ဖြစ်တဲ့ ပလန်းနက်ကိုလာကြတယ်။ ဒီဆိုင်လေးက စားသောက်စရာ ဘာမှများများစားစား မရှိ။ ကျွန်တော်တို့ ကြိုက်တဲ့ လက်ဖက်ရည်ကျကျ နဲ့ ရူဘီ တော့ ရနိုင်လေရဲ့။

လူစုံလို့ စကားပြောကြတဲ့အခါ ဘောလုံးပွဲအကြောင်းကလွဲရင် ကျန်တာအားလုံး ကျွန်တော် ၀င်ပြောခွင့်ရှိတယ်။ တခါတရံ ကျွန်တော်တို့ စကားဝိုင်းက အသံတိတ် ကြပြီဆိုရင် ဆေးလိပ်တချက်ရှိုက်လိုက်တိုင်း မီးတဖျစ်ဖျစ်မြည်သံတောင် ကြားရတယ်။ စာအုပ်တွေအကြောင်း ပြောကြရင်တော့ ထမင်းမေ့ ဟင်းမေ့.. ။ မ၀ယ်နိုင်သေးတဲ့ စာအုပ်တွေကို တမ်းတရင်း.. ရှိပြီးသား စာအုပ်တွေကို ချီးမွမ်းခန်းဖွင့်ရင်း.. တာရာမင်းဝေကို လွမ်းရင်း.. (ဆရာ)သိန်းဖေမြင့်တို့ (ဆရာ)အောင်ပြည့်တို့ (ဆရာ)နတ်နွယ်တို့ (ဆရာ)မင်းလူတို့ ရေးပြတဲ့ တက္ကသိုလ်ကျောင်းသားဘ၀တွေ ကိုလွမ်းရင်း..။

တိကျသေချာတဲ့ ပုံစံတခု သို့မဟုတ် ဘ၀ရပ်တည်ချက် သို့မဟုတ် အလုပ်တာဝန် တခု မရှိဘဲ ဖြတ်သန်းခဲ့ရတဲ့ လက်ဖက်ရည်သောက် ညနေခင်းတွေကတော့ တွယ်တာမက်မောဖွယ်ကောင်းဆဲ.. ။ အမှတ်ရဆဲ.. ။ ။

အိမ်မက်တခု တည်ဆောက်ခြင်း

စိတ်ရဲ့ ထွက်ပေါက်မဲ့ပြည့်လျှံမှုတွေက အိမ်မက်တွေထဲမှာ ယိုစီးကျလာတတ်တယ်။ တခါတလေတော့ ဘာကိုလိုချင်မှန်း၊ ဘာကိုတောင်းတမှန်း ကိုယ်ကိုတိုင်ပြန်မသိနိုင်ပေမယ့် အိမ်မက်ထဲမှာတော့ တခုပြီးတခု ပြန်မြင်ရနိုင်ရဲ့။

ညတွေက အေးစက် ထုံထိုင်းနေတော့ အဆောင်ကိုလွမ်းလိုက်၊ ဂစ်တာကို လွမ်းလိုက်။
အိမ်မက်ထဲမှာဆိုရင် တယ်လီပို့အ၀င်လမ်းကြီးမကို လျှောက်လို့..။
နားရွက်ရဲ့အနောက်ကနေ လေတွေ တိုက်နေလိုက်တာများ ထင်းရှူးပင်တွေတောင် လှုပ်လို့..။

တယ်လီပို့အနောက်က လှမ်းမြင်နေရတဲ့ မန္တလေးမြို့ကြီးကလဲ အလင်းရောင်တွေ လိုတာထက်ပိုပြီးများနေလို့ ကြည့်လို့မကောင်း။ ကျောင်းဘက်သွားတဲ့ လမ်းအကွေ့လေးရောက်တိုင်း အိမ်မက်လား တကယ်လား ခွဲခြားသိဖို့ကြိုးစားရင်း လန့်နိုးခဲ့ရတယ်။ စိတ်မှာ အာသာပြေတယ် လို့မရှိခဲ့။

တခါတလေတော့လဲ သုံးထောင်ရွာက ထမင်းဆိုင်လေးထဲမှာ သူငယ်ချင်းတွေနဲ့ ဖဲရိုက်နေတယ်တဲ့။ တခါတလေတော့ ဘီအီးဆိုင်ထဲမှာ အရက်ထိုင်သောက်နေလိုက်ကြတာ၊ ပုလင်းတွေက မြင်မကောင်းအောင် များပြားလေရဲ့။ တခါတလေတော့ ကျောင်းခန်းတွေထဲမှာ တယောက်ထဲ လျှောက်သွားနေတယ်တဲ့။ ကောင်တာစထွိုက် ထဲကလို မြင်ကွင်းမျိုး။

ကျောင်းဆောင်တွေရဲ့ အလယ်က မြက်ခင်းပြင်တွေကတော့ တွင်းနက်ကြီးတွေ။ ဒီတွင်းနက်ကြီးတွေကပဲ အိမ်မက်ထဲမှာ ခြောက်ခြားစရာ..။

အဆောင်ရဲ့ ၀ရံတာမှာ ရပ်မိပြီဆိုရင်လဲ မြူတွေနဲ့ ပြည့်လို့၊ မာကျူရီမီးတိုင်တွေရဲ့ အရောင်က မြူတွေကိုဖေါက်ပြီး အဆောင်ရှေ့က ကန်တင်းကို ၀ိုးတ၀ါး။ တခါကတော့ အိမ်မက်ထဲမှာ ဂစ်တာလေးကျိုးသွားတယ်။ ဒါပေမယ့် အသံတော့ထွက်နေတုန်းပဲ။ ဘာသီချင်းလဲ မမှတ်မိတော့။

များသောအားဖြင့် အိမ်မက်ထဲမှာ ဆိုရင် အဆောင်ရဲ့ နောက်ဖေးလှေကားမှာပဲတီးနေတတ်တယ်။ ဂစ်တာတီးနေရင်း အနောက်ဘက်က ရေတံခွန်ကြီးက အဆောင်ဘက်ကိုပြေးလာတယ်တဲ့။ နောက်ပြီး ပိုဆိုးတာက ဆေးလိပ်တိုတွေကို ကြိုးနဲ့သီ ထားတာတွေ ဟိုနားမှာတွေ့လိုက်၊ ဒီနားမှာတွေ့လိုက်၊ ခုတင်တွေပေါ်မှာတွေ့လိုက်။ အိမ်မက်ထဲမှာတော့ ကျွန်တော့်ရဲ့Taylor Swift က ကုတ်အင်္ကျီအနက်ကလေးနဲ့၊ သူမကိုတွေ့လိုက်တဲ့အချိန်တိုင်း တိမ်တွေ ပြန်ဖုံးသွားတတ်တယ်။ ကျောင်းဖယ်ရီကားကြီးကလဲ ရထားကြီးတစီးလိုပဲ။

အနီးစခန်းက ၀က်သားတုတ်ထိုး တပွဲကို ငါးရာပဲပေးရတယ်တဲ့။ သီဟကျော်မှာ ဘီယာသောက်ရင် ကြက်ရိုးဟင်းချိုတွေအများကြီး ရတယ်တဲ့။