Monday, June 21, 2010

ဖေါ်ကောင်

“ငှက်တကောင်မှာ၊ တောင်ပံတစုံရှိတယ်။
အဲဒီတောင်ပံတစုံ အတွက်
လှောင်အိမ်တလုံးရှိတယ်။”
ထို ကဗျာလေးကို အကြောင်းအရာတိုက်ဆိုင်သောအခါ မှတ်မိနေသော်လည်း ဘယ်က ကဗျာလဲဆိုတာကိုတော့ မမှတ်မိတော့ပါ။
ဤကဗျာကို ဖတ်ခဲ့သူသည် ကျွန်တော်ဖြစ်သည်။
ကျွန်တော်တကယ် ဖတ်ဖူးခဲ့ကြောင်း သက်သေပြရန် ခက်ခဲလှသည်။
သို့သော် သတိငတ်ခံဆန္ဒပြသူသည် ကျွန်တော်အမှန်ဖြစ်ခဲ့သည်။

ကြာပန်းရနံ့နှင့် အတူ ပျံ့လွင့်လှုပ်ရှားနေသော ကန်ရေပြင်မှ လှိုင်းကြက်ခွပ်များကို ဖမ်းယူသိမ်းဆည်းရန် ကြိုးပမ်းနေသူသည် ကျွန်တော်ဖြစ်သည်။
ကျွန်တော် ဖြစ်ကြောင်း သက်သေပြရန် ခက်ခဲလှသည်။
သို့သော် အလှတရားကို ဖမ်းဆီးထိန်းသိမ်းရန်ကြိုးပမ်းခဲ့သူသည် ကျွန်တော်အမှန်ဖြစ်ခဲ့သည်။

သာယာကြည်နူးမှုကို ဖေါ်မလင် စိမ်ထားရန် ကြိုးပမ်းခဲ့သူသည် ကျွန်တော်ဖြစ်သည်။
ပျော်ရွှင်မှုကို ရှာဖွေသူသည် ကျွန်တော်ဖြစ်သည်။
ကျွန်တော် ကြိုးပမ်းခဲ့ကြောင်း သက်သေပြရန် ခက်ခဲလှသည်။
သို့သော် အမှန်တကယ် မရှိသော ကြည်နူးမှုကို လက်ဝယ်ထားရှိလိုသူသည် ကျွန်တော်အမှန်ဖြစ်ခဲ့သည်။

အမှန်တရား နှင့် ရိုးသားမှု တို့ကို သိရှိနားလည်ချင်သူမှာ ကျွန်တော်ဖြစ်သည်။
ကျွန်တော် အလိုရှိကြောင်း သက်သေပြရန် ခက်ခဲလှသည်။
သို့သော် ဘာမျှမရှိခြင်းသာ ပိုင်ဆိုင်ခဲ့သူသည် ကျွန်တော်အမှန်ဖြစ်ခဲ့သည်။

ည…
လူခြေတိတ်ချိန်တွင် စာရွက်များအပေါ် ခဲတံနှင့် ရေးခြစ်နေသူသည် ကျွန်တော်ဖြစ်သည်။
ကျွန်တော် ရေးခဲ့ကြောင်း သက်သေပြရန် ခက်ခဲလှသည်။
သို့သော် စကားလုံးများကို အကျဉ်းချခဲ့သူသည် ကျွန်တော်အမှန်ဖြစ်ခဲ့သည်။

6 comments:

mirror said...

အဓိပ်ပါယ်တွေကို လိုက်ခံစားမိလို့လား မသိဘူး။ အသက်ရှူပါ ကြပ်သွားတယ်။နင့်စာ ဖတ်ပြီး။

ရေးတတ်တာတော့လွန်ရောပဲ။

ကျော်ညိုသွေး said...

ဟုတ်ပဗျို့ :D

Maung Myo said...

အေးလေး နဂိုတည်းက လိုက်မမှီပါဘူးဆို ဘိုတော်လေးက ပညာတွေစွတ်ပြနေတယ်း)

littlebrook said...

အပေါ်ဆုံးက အဒေါ်ကြီးပြောတာ မှန်တယ်
ဖတ်ရင်းနဲ့ အသက်ရှူကြပ်လာတယ် ငါ့ကောင်

နေမိုးဝေ said...

Post modernism ရဲ့ အတွေးအခေါ် တွေ ဖြစ်တဲ့ “ဗဟိုချက်မဲ့ခြင်း” နဲ့ “ရှိမှုမသေချာခြင်း” ဆိုတဲ့ အဓိက သီဝရီ နှစ်ရပ်ကို သတိထားမိတယ်။ Jacques Derrida ရဲ့ There is nothing outside the text ဆိုတဲ့ စကားကိုလည်း အမှတ်ရမိစေတယ်။ ဝေဖန်ရေးပညာရှင် မဟုတ်လို့ ဒါတွေအကျယ် မဆွေးနွေးလိုပါဘူး။
တစ်ခုရှိတာက ခေါင်းစဉ်က စာသားကိုယ်ထည် အတွက်တော့ တော်တော်လေးအားပျော့တယ်လို့ ခံစားမိတယ်။ ဒီလိုခေါင်းစဉ်မျိုးက သရော်စာ၊ဟာသတွေမှာသာ အတွေ့ရများတတ်တယ်လို့ထင်တယ်။
အခုလို သုံးသပ်နေမိတာကိုကပဲ စကားလုံးတွေကို အကျဉ်းချနေမိသလားဆိုတာကတော့ ကျွန်တော်ကိုယ်တိုင် လည်း မတွေးတတ်တော့ဘူး။

ဟဲဟဲ ဆရာကြီးဝင်လုပ်ကြည့်တာ။ (ဘေးနားမှာ ဇော်ဇော်အောင် ဖတ်စာချပြီးတော့)

မျိုးထက်အောင် said...

မင်းဟာကလည်းသုညတွေပါပဲလား