Monday, May 24, 2010

အလင်းမရှိသော အိပ်မက်

အနက်ရောင် ဘောပင်တချောင်း…။
အဖြူရောင် စာရွက်အလွတ်ပေါ်က အနက်ရောင်စာလုံးများ…။
ဒါတွေအားလုံးက အပြာရောင် စားပွဲတလုံး ပေါ်မှာ ဖယိုဖရဲ ။ လှလှပပ ပြန့်ကြဲနေတယ်။

အနက်ရောင် စာရွက်တရွက်….။
အဖြူရောင် မှင်နဲ့ မညီမညာ လက်ရေးများ… ။
ဒါတွေနဲ့ တစုံတရာ ဖန်တီးဖို့ ငါကြံရွယ်ခဲ့တယ်..။

အဖြူရောင် စာရွက်ပေါ်က အနက်ရောင်စာလုံးများ ၊ အနက်ရောင်စာရွက်ပေါ်က အဖြူရောင်စာလုံးများ ၊ နောက် အပြာရောင်စားပွဲတလုံး ။ ဒါတွေအားလုံးကို ပုံရိပ်ယောင် အနေနဲ့ ဖမ်းယူထားဖို့ ကင်မရာတလုံးကို ဘေးမှာချစောင့်စားရင်း ကျွန်တော် အိပ်ပျော်နေခဲ့တယ်။

တစုံတယောက်က မေးတယ် “လူတွေရဲ့ စိတ်ကို အကျိုးသက်ရောက်ဖို့အတွက် အရောင်တွေကို ယုံကြည်သလား? ” ။
တိတိကျကျ ဖြေဖို့ ခက်တဲ့ မေးခွန်းတခုပဲ။
ကျွန်တော့်အပေါ်မှာ တခါတရံ အရောင် တွေရဲ့ သက်ရောက်မှု ရှိမယ်လို့ထင်တယ်။ သူ မေးသလို “လူတွေ” ဆိုတာအတွက်တော့ သိမ်းကြုံးပြီး မဖြေ၀ံ့ပါ ။ တဆက်ထဲမှာ ပဲ ကျွန်တော် “အရောင်”တွေကို မမြင်နိုင်ရင် ဘယ်လိုခံစားမလဲ ။ နောက်ပြီး “အရောင်” ဆိုတာ ပိုင်းခြား သိနိုင်တဲ့ အသိ ကျွန်တော့်မှာ မရှိတော့ရင် ဘယ်လိုခံစားမလဲ။ နောက်ဆုံး “အရောင်”ဆိုတဲ့ အရာကို “အရောင်”လို့ မမြင်ချင်တော့ရင် ကျွန်တော် ဘယ်လိုဖြစ်မလဲ။ မေးခွန်းတွေ ပြန့်ကြဲသွားသည်။

ကျွန်တော့်ရဲ့ ဖြတ်သန်းမှု အနည်းငယ်လေးအတွင်းမှာ သိလိုက်ခွင့်ရလိုက်တဲ့ အရောင်တွေက ယုံကြည်လောက်စရာမကောင်းပါ။ ကျွန်တော် မသိနားမလည်တာလည်း များလွန်းပါသည်။ အ၀ါရောင် နဲ့ လိမ္မော်ရောင် တောင် ကွဲကွဲပြားပြားမသိ။ အနီ ၊ အစိမ်း နဲ့ အပြာ တို့ အကြောင်း အကောင်းကောင်း မသိ။ အပူရောင် ၊ အအေးရောင် ခွဲခွဲခြားခြားမသိ။

“အဖြူနဲ့အနက်” တဲ့ ဒီစကားကို ကျွန်တော်စကြားဖူးတာ ကာလာမစုံတဲ့ ဓါတ်ပုံတွေက တဆင့် ထင်ပါရဲ့။ အဲဒီကနေ စပြီး အဖြူရောင် နဲ့ ဆန့်ကျင်ဘက်ဟု ယူဆသော အနက်ရောင်ကို တွဲပြီး သိလာခဲ့သည်။

“ ဒါ.. ဘာအရောင် ဖြစ်မယ်ထင်လဲ” ဟု ငယ်ငယ်က ပဟေဠိဝှက် ကြတဲ့အခါ “ အဖြူရောင် မဟုတ်ဘူး ”
ဟု နိမိတ်ပြ စကားပြောလျှင် ကျွန်တော်က “အနက်ရောင်” ဟု အဖြေပေးတတ်ပါသည်။ကျွန်တော့် အဖြေကလည်း အမြဲတမ်းလိုလို မှန်နေခဲ့ပါသည်။

ဒါကပဲ တကယ့် အမှန်တရားနဲ့ ဝေးကွာရခြင်းရဲ့ အကြောင်းတရားတခုလား ?

တစုံတယောက်ရဲ့ မေးခွန်းကို ဖြေဖို့ ကျွန်တော် ကြိုးစားကြည့်သည်။ “အရောင်” ဆိုတာ အလင်းပြန်ခြင်း ကြောင့်သာဖြစ်ပေါ်တယ် လို့ ကျွန်တော်ကြားဖူးထားသည်။ တကယ်လို့ အလင်းမရှိရင် ကျွန်တော် ဘာကို မြင်မလဲဆိုတာ အနီးစပ်ဆုံး စဉ်းစားကြည့်တော့ မှောင်မဲခြင်း။

မှောင်မဲ နေတာဟာ အနက်ရောင်လား ။ ကျွန်တော် သေချာ မသိပါ။ သို့တည်းမဟုတ် အလင်းပြန်ခြင်း မဟုတ်ပဲ အရောင်တခု မြင်နေရတာလား။ ကျွန်တော် လုံးဝ မသိပါ။

ထို့ကြောင့် “အရောင်” ဆိုသော အရာ သည် ကျွန်တော်နဲ့ အဝေး တနေရာ တွင်သာ ရပ်တည်နေခဲ့ဧ။် ။

“ အဖြူ မဟုတ်လျှင် အမည်းနှင့် တကွ တခြားမည်သည့်အရောင်မဆို ဖြစ်နိုင်သည်” ဟု ကျွန်တော့် မိတ်ဆွေဧ။် အက်ဆေးတပုဒ်ထဲမှာဖတ်ဖူးသည်။ ကျွန်တော် ထိုစာကြောင်းကို နည်းနည်း ထပ်ဖြည့်လိုက်ချင်သည်။

“ အဖြူမဟုတ်လျှင် အဖြူမဟုတ်သော အရောင်သာဖြစ်နိုင်ပါသည်”

ကျွန်တော့် အိပ်မက် ကို ဤ နေရာ၌သာ ရပ်တန့် လိုက်ချင်သည်။
သို့သော် “ အိပ်မက်ထဲတွင် အရောင် ကို သိနိုင်စွမ်းမရှိ” ဟု အိပ်မက်သုတေသီတို့က ဆိုဧ။် ။

3 comments:

နေမိုးဝေ said...

အိပ်မက်ထဲမှာ အရောင် မရှိတာ သေချာပါ့မလား
ဆရာမင်းလူ ရဲ့  အက်ဆေးတစ်ပုဒ်ထဲမှာလဲ
အဲဒီလို အတွေးမျိုးဖတ်ဖူးတယ်။
အဲဒီထဲမှာတော့ အိပ်မက်ရဲ့ အသိထဲမှာ အရောင်ပါတယ်တဲ့
ဥပမာ အိပ်မက်ထဲမှာ မောင်ရှင်းသန့်က ရှပ်နီဝတ်ပြီး လမ်းလျှေက်လို့ ကျွဲ အဝှေ့ ခံရတယ်ဆိုတာမျိုး :)

mirror said...

စာက အမြုပ်တွေနဲ့.. ငါက အဲ့ဒိဘာသာရပ်မှာ အားနည်းတယ်။

Maung Myo said...

ဒီလိုစာမျိုးကို ၁၈ နှစ်သားတစ်ယောက်က ရေးတယ်လို့ တကယ်ကိုမထင်ရဘူးး .။ ဒါကြောင့်ပြောတာ တာရာမင်းဝေပေါက်စလေးလို့း)