Saturday, January 31, 2009

ဝိဥာဉ် မဲ့ နေတဲ့ ပြဇာတ်ရုံ

ကျွန်တော့်မှာ ပြဇာတ်ရုံလေး တစ်ရုံရှိပါတယ်။ တကယ်တမ်းတော့ မဖြစ်စလောက် ပြဇာတ်ရုံလေးပါ။ သက်ဝင် လှုပ်ရှားမှု မရှိသလောက် ပဲ။


ခေါင်မိုးကလည်း ပေါက်နေတော့ မိုးရာသီဆိုရင် မိုးယိုတဲ့ ပြဇာတ်ရုံ လေးပေါ့။

Air con လည်းမရှိ ။ ပန်ကာ တော့တပ် ထားပါတယ် ၊ ဒါပေမယ့် မီးအမြဲပျက်နေတော့ ပန်ကာတွေကလည်း မလည်နိုင် ။ အဲဒီတော့ နွေရာသီဆိုရင် အရမ်း ပူအိုက်တော့တာပဲ။


အဲဒီလို စုတ်စုတ်ပျက်ပျက် ပြဇာတ်ရုံလေး တစ်ရုံ ကို ကျွန်တော် ပိုင်ဆိုင် ပါတယ်။


ပြဇာတ်ရုံ လေးမှာ က ပြတဲ့ ဇာတ်လမ်း ဇာတ်ကွက်တွေ မှာ ဘယ်တော့မှ မင်းသား၊ မင်းသမီး

မပါ ပါဘူး။ အမြဲတမ်း သူရဲကောင်းတွေကို ပဲ ဇာတ်လိုက် ထားတယ်။


ဇာတ်လမ်းတွေကို တော့ ကျွန်တော် ကိုယ်တိုင် ရေးသားပါတယ်။ “ချစ်၊ ခင် ၊ ကြိုက် ၊ မုန်း ၊ သနား ၊ ကွဲ ၊ ညား ” ဆိုတဲ့ ဇာတ်လမ်း တွေကို မရေး ပါ ။ ပေးဆပ် စွန့်လွှတ် တဲ့ သူရဲကောင်းတို့ ရဲ့ နှလုံး လှလှ တွေ အကြောင်းသာ ကျွန်တော် ရေးသားပါတယ် ။


အဲဒီ လို ပြဇာတ် ရုံလေး အတွက် လက်မှတ် က တော့ အခမဲ့ ပါ။


အစ ပိုင်း ကတော့ လူတွေက ပိုက်ဆံ မပေးရတဲ့ ပြဇာတ်ရုံ ဆိုပြီး လာပြီးကြည့်ကြသေးတယ်။

ဒါပေမယ့် ဇာတ်လမ်းမပြီး ခင် ထထ ပြီးပြန်ကြတာ ချည်းပဲ ။ ဘယ်သူမှ ပြီးအောင်မကြည့်ချင်ကြဘူး။ ပျင်းရိငြီးငွေ့ ဖွယ် ကောင်းလို့တဲ့ ။

သူတို့က ပေးဆပ်သူ မလုပ်ချင် ကြဘူး ၊ ရယူပိုင်ဆိုင်သူ သာ လုပ်ချင်ကြတယ်တဲ့ ။


ကျွန်တော် ငယ်ငယ် ကတည်းက “ လက်ဆောင် ယူတဲ့သူ မလုပ်ချင်ဘူး ၊ လက်ဆောင် ပေးတဲ့သူ ပဲ လုပ်ချင်တယ်” လို့ အဖေ့ကို ပြောပြဖူး တယ်။


ကျွန်တော် ခံယူထားတာက အနစ်နာခံ ပေးဆပ်ခြင်းဟာ “မွန်မြတ်” တယ်ပေါ့။


ဒါပေမယ့် ပွဲ ကြည့် ပရိတ်သတ် ခံယူထားတာက အနစ်နာခံ ပေးဆပ်တဲ့ သူရဲကောင်း ဆိုတာ “ရူးလို့ အ လို့ ၊ လူရည် မလည်လို့ ၊ အခွင့်အရေးကို ဖန်တီး မယူတတ်လို့”တဲ့ ။

“လူဆိုတာ ကိုယ့်ကောင်းကျိုးအတွက် ကိုယ် လုပ်ယူတတ် ရတယ်၊ ကိုယ့်ကို ကိုယ် ချမ်းသာ အောင်ကြံဆောင်တတ်ရတယ်။ ကိုယ့်အကျိုး အတွက်ဆိုရင် ဘယ်လို ခလုတ်ကန်သင်း ပဲ ဖြစ်ဖြစ် ရှင်းပစ် ဖို့ ၀န်မလေးရဘူး ” တဲ့။

ဒီလို လုပ်တတ်မှ အရည်အချင်းရှိတဲ့ သူ တဲ့ ။


သြော်……… သူတို့ က ဒီလို ခံယူတာ လေ။


ကျွန်တော်နဲ့ ပွဲကြည့်သူတွေကြားမှာ ညှိမရအောင် ကွဲပြားနေတော့ ကျွန်တော့် ဇာတ်လမ်းတွေကို ဘယ်သူကမှ ပြီးအောင်မကြည့်ကြဘူး ဗျာ။


ကျွန်တော်က တော့ သူရဲကောင်းတွေ ရဲ့ ရဲဝံ့မှု ၊ စွန်လွှတ် အနစ်အနာ ခံမှု ၊ ကိုယ်ကျိုးစွန့် ကြိုးပမ်း ခဲ့တဲ့အကြောင်းတွေပဲ ဆက်ရေးနေခဲ့တယ် ။

ဘယ်သူက မှ မကြည့်တော့ ကပြဖျော်ဖြေ လို့တော့ မရသေးဘူးပေါ့။


ကျွန်တော့်ရဲ့ အခမဲ့ လက်မှတ် အရောင်းဌာန လေးကလည်း အရောင်းထိုင်းနေ ခဲ့တယ်။


မွန်မြတ်တဲ့ လုပ်ရပ် တွေကို ပရိသတ် လက်ခံ လာနိုင်တဲ့ တစ်နေ့ …… ကျွန်တော့်ရဲ့ ပြဇာတ်ရုံ လေး မှာ သူရဲကောင်းတွေ ကပြဖျော်ဖြေ နိုင်ပါလိမ့်မယ် ။

15 comments:

Unknown said...

ပထမဆုံး ပွဲကြည့်ပရိတ်သတ်ရောက်နေပါပြီ..
လူစုံမှ ပြဇာတ်ကမယ်ဆိုတော့
စောင့်ရဦးမှာပေါ့..
:D

Anonymous said...

မထင်ရဘူးး လူတောင်မှားတယ် ညီက ဒါမျိုး မြှပ်ကွက်လေးတွေနဲ့လည်းရေးလို့ဖြစ်တာပဲလား အစ်ကိုတော့ မတက်း) လေးစားတယ် ပြဇတ်ရုံလေး တစ်နေ့တော့ လက်မှတ်တွေ အရောင်းသွက်ပါစေ ။

ပန်းခင်းလေး said...

ပွဲလာကြည့်တာ
မကသေးဘူးဆိုတော့ 
စောင့်ရဦးမှာပေါ့ နော်
အရမ်းကောင်းတဲ့ ပို့ စ် လေးတစ်ပုဒ်ပါမောင်လေးရေ
ရင်ထဲမှာတစ်ခုခုတော့  ခံစားသွားရတယ်
ဆက်ရေးနော်
ငါ့ မောင်လေးက တစ်ပုဒ်ဆိုတစ်ပုဒ်ပဲကွ :P

အစ်မတော်

ပန်းခင်း

မောင်bee said...

ဘယ်သူကြည့်ကြည့် မကြည့်ကြည့် မောင်ဘီး ပြီးတဲ့အထိ ကြည့်သွားတယ်။

NangNyi said...

အခမဲ့လက်မှတ်ရုံလေးရှေ့ လာတန်းစီနေပါတယ်..

နေမိုးဝေ said...

သူရဲကောင်တွေရဲ့ နှလုံးသားကိုသူရဲကောင်းစိတ်ထားနိုင်သူတွေကပဲ
ပြီးအောင်ကြည့်ရဲမှာပေါ့။
တော်ရုံနှလုံးသားနဲ့တော့ သူရဲကောင်းစိတ်ထားနိုင်မှာ
မဟုတ်ဘူး။

Anonymous said...

သူရဲကောင်းကြီးရေ အဲလိုစိတ်ထားနိုင်တာ
ချီးကျုံးတယ်ဗျာ မှားလို့ ချီးကျူးတယ်ဗျာ။
ပြဇာတ်ကိုလာအားပေးသွားတယ်ဗျို့။ဒါပေမဲ့
ဗီလိန်မပါတော့ ကြည့်ရတာ ဇာတ်ကတခုခု
လိုနေသလိုပဲ။

mirror said...

ဟဲဟဲ နဲနဲတော့ ၀င်ကြဲချင်သေးတယ်လေ။

၁၊ကိုယ်လဲ သူများဆီက လက်ဆောင်ကိုမျှော်လင့်သလို ကိုယ်လဲ ပေးတတ်တယ်။

၂။"ကျွန်တော်နဲ့ ပွဲကြည့်သူတွေကြားမှာ ညှိမရအောင် ကွဲပြားနေတော့ ကျွန်တော့် ဇာတ်လမ်းတွေကို ဘယ်သူကမှ ပြီးအောင်မကြည့်ကြဘူး ဗျာ။"...
အဲ့ဒါ ဘာကိုပြောတာလဲဟင်....။:P

၃။ဆက်ဆွဲ ဆရာ...ဒါမျိုးလေးများများ။
ဆက်လက်စောင့်မျှော်နေပါမည်။

ဆောင်းယွန်းလ said...

ညီလေးရဲ့ ပို့စ်လေးကိုကြိုက်တယ် ဆက်ရေးပါညီလေး
အားပေးပါတယ်

ဖိုးဂျယ် said...

မောင်ရှင်းသန့်လေးရေ ပိုစ့်ကောင်းလေးပဲ
အကိုနဲ့ ခံယူချက်ခြင်းတူတယ်
ကောင်းတယ် ဆက်က

Anonymous said...

တန်ဖိုးအရှိဆုံး အခမဲ့ ပြဇာတ်လေးကို ကြည့်ရှုသွားပါတယ် ခင်ဗျာ။ သူရဲကောင်းတွေကို ဂုဏ်ယူလေးစားစွာ မျှော်လင့်စောင့်စားရင်း.။

သက်တန့် said...

ပြဇာတ်ရုံလေး အောင်မြင်မှုအပေါင်းကို သရဖူ ဆောင်းနိုင်ပါစေ... :)

Unknown said...

အမာခံတစ်ယောက်တိုးလာပြီလို့ သဘောထားလိုက်ဗျာ...။ :)

JulyDream said...

ပြဇာတ်လေးမှာ ပွဲကြည့်ပရိသတ် ရှားပါးနေတာကို နားလည်ခံစားမိပါတယ်။ တကယ့် လောကမှာ ပြဇာတ်လေးကို ခံစားကြည့်ရှု နားလည်ပေးမယ့် ပရိသတ်တွေ တိုးပွါးလာနိုင်ပါစေဗျာ။

မွန် said...

တကယ့်အက်ဆေးကောင်းတစ်ပုဒ်ပဲ
သူရဲကောင်းတွေရဲ့ ရာဇဝင်ကို တင်ဆက်ကပြလိုက်ပါတော့