Showing posts with label အိပ်ယာဝင် ပုံပြင်. Show all posts
Showing posts with label အိပ်ယာဝင် ပုံပြင်. Show all posts

Wednesday, September 14, 2011

အိမ်မက်တခု တည်ဆောက်ခြင်း

စိတ်ရဲ့ ထွက်ပေါက်မဲ့ပြည့်လျှံမှုတွေက အိမ်မက်တွေထဲမှာ ယိုစီးကျလာတတ်တယ်။ တခါတလေတော့ ဘာကိုလိုချင်မှန်း၊ ဘာကိုတောင်းတမှန်း ကိုယ်ကိုတိုင်ပြန်မသိနိုင်ပေမယ့် အိမ်မက်ထဲမှာတော့ တခုပြီးတခု ပြန်မြင်ရနိုင်ရဲ့။

ညတွေက အေးစက် ထုံထိုင်းနေတော့ အဆောင်ကိုလွမ်းလိုက်၊ ဂစ်တာကို လွမ်းလိုက်။
အိမ်မက်ထဲမှာဆိုရင် တယ်လီပို့အ၀င်လမ်းကြီးမကို လျှောက်လို့..။
နားရွက်ရဲ့အနောက်ကနေ လေတွေ တိုက်နေလိုက်တာများ ထင်းရှူးပင်တွေတောင် လှုပ်လို့..။

တယ်လီပို့အနောက်က လှမ်းမြင်နေရတဲ့ မန္တလေးမြို့ကြီးကလဲ အလင်းရောင်တွေ လိုတာထက်ပိုပြီးများနေလို့ ကြည့်လို့မကောင်း။ ကျောင်းဘက်သွားတဲ့ လမ်းအကွေ့လေးရောက်တိုင်း အိမ်မက်လား တကယ်လား ခွဲခြားသိဖို့ကြိုးစားရင်း လန့်နိုးခဲ့ရတယ်။ စိတ်မှာ အာသာပြေတယ် လို့မရှိခဲ့။

တခါတလေတော့လဲ သုံးထောင်ရွာက ထမင်းဆိုင်လေးထဲမှာ သူငယ်ချင်းတွေနဲ့ ဖဲရိုက်နေတယ်တဲ့။ တခါတလေတော့ ဘီအီးဆိုင်ထဲမှာ အရက်ထိုင်သောက်နေလိုက်ကြတာ၊ ပုလင်းတွေက မြင်မကောင်းအောင် များပြားလေရဲ့။ တခါတလေတော့ ကျောင်းခန်းတွေထဲမှာ တယောက်ထဲ လျှောက်သွားနေတယ်တဲ့။ ကောင်တာစထွိုက် ထဲကလို မြင်ကွင်းမျိုး။

ကျောင်းဆောင်တွေရဲ့ အလယ်က မြက်ခင်းပြင်တွေကတော့ တွင်းနက်ကြီးတွေ။ ဒီတွင်းနက်ကြီးတွေကပဲ အိမ်မက်ထဲမှာ ခြောက်ခြားစရာ..။

အဆောင်ရဲ့ ၀ရံတာမှာ ရပ်မိပြီဆိုရင်လဲ မြူတွေနဲ့ ပြည့်လို့၊ မာကျူရီမီးတိုင်တွေရဲ့ အရောင်က မြူတွေကိုဖေါက်ပြီး အဆောင်ရှေ့က ကန်တင်းကို ၀ိုးတ၀ါး။ တခါကတော့ အိမ်မက်ထဲမှာ ဂစ်တာလေးကျိုးသွားတယ်။ ဒါပေမယ့် အသံတော့ထွက်နေတုန်းပဲ။ ဘာသီချင်းလဲ မမှတ်မိတော့။

များသောအားဖြင့် အိမ်မက်ထဲမှာ ဆိုရင် အဆောင်ရဲ့ နောက်ဖေးလှေကားမှာပဲတီးနေတတ်တယ်။ ဂစ်တာတီးနေရင်း အနောက်ဘက်က ရေတံခွန်ကြီးက အဆောင်ဘက်ကိုပြေးလာတယ်တဲ့။ နောက်ပြီး ပိုဆိုးတာက ဆေးလိပ်တိုတွေကို ကြိုးနဲ့သီ ထားတာတွေ ဟိုနားမှာတွေ့လိုက်၊ ဒီနားမှာတွေ့လိုက်၊ ခုတင်တွေပေါ်မှာတွေ့လိုက်။ အိမ်မက်ထဲမှာတော့ ကျွန်တော့်ရဲ့Taylor Swift က ကုတ်အင်္ကျီအနက်ကလေးနဲ့၊ သူမကိုတွေ့လိုက်တဲ့အချိန်တိုင်း တိမ်တွေ ပြန်ဖုံးသွားတတ်တယ်။ ကျောင်းဖယ်ရီကားကြီးကလဲ ရထားကြီးတစီးလိုပဲ။

အနီးစခန်းက ၀က်သားတုတ်ထိုး တပွဲကို ငါးရာပဲပေးရတယ်တဲ့။ သီဟကျော်မှာ ဘီယာသောက်ရင် ကြက်ရိုးဟင်းချိုတွေအများကြီး ရတယ်တဲ့။

Monday, March 28, 2011

ထုတ်လွှင့်လိုက်သည်

မင်္ဂလာပါ ၊

ကျွန်တော်တို့ စကားလုံး အဖ်အမ် မှ ဘာသာစကားများကို ထုတ်လွှင့်နေပါသည်။
ကျွန်တော်တို့ အဖ်အမ်သည် ဖရီကွမ်စီ မော်ဂျူလေးရှင်း လား၊
ဖီးလ်မာရှယ် လား
ဘာလား ညာလား မသိ။
သို့သော် သင့်ထံထုတ်လွှင့်လျှက်ရှိပါသည်။

သင်တို့ ခေါ်ဆိုသော တယ်လီဖုန်းသည် အကြောင်းအမျိုးမျိုးကြောင့်
ဆက်သွယ်၍မရရှိခြင်းမှာ တယ်လီဖုန်းဧ။် ချို့ရွင်းချက်ကြောင့်လား ၊
ဆက်သွယ်ရေး ကိရိယာများဧ။် ချို့ရွင်းချက်ကြောင့်လား ဆိုသည်ကို
တယ်လီဖုန်းပိုင်ရှင်သည်လည်းကောင်း ခေါ်ဆိုသူသည်လည်းကောင်း သိနိုင်မည်မဟုတ်ပါ။

ပူပြင်းခြောက်သွေ့သော နွေရာသီကို ရောက်ရှိလာပြီဖြစ်ပါသောကြောင့်
သင်တို့ဧ။် အသုံးမပြုတော့ပြီဖြစ်သော အသိဥာဏ် နှင့် ခံစားမှု တို့ကို စနစ်တကျ ငြိမ်းသတ်ထား
ကြရန်နှင့်၊
ကျူးဘား ဆေးပြင်းလိပ်ကို ပါးစပ်တွင် ခဲကာ တော်လှန်ရေးစကားများ ကို နေ့ည
လမ်းလျှောက်၍ လုံးဝ
မပြောကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည် ။

လူတို့သည် အချိန်နာရီတို့နဲ့ တကွ ရက်လနှစ် တို့ကို သတ်မှတ်လျှက်ရှိကြသည် ။
ထို့ကြောင့် ဧပရယ်လ ဆယ့်သုံးရက် ကို တန်ခူးလဆန်း ၁၀ရက်နေ့ဟူ၍ လည်းကောင်း၊
ထို တန်းခူးလဆန်း ၁၀ရက်နေ့ကို သင်္ကြန်အကြိုနေ့ ဟူ၍လည်းကောင်း သတ်မှတ်ကြသည်။
ထိုနေ့တွင် သကြားမင်းဟုဆိုသော အရာသည် လူပြည်ဟုဆိုသော အရာသို့ ဆင်းသက် လာသည်ဟုဆိုသောကြောင့်
အထက်မှအောက်သို့ ရွေ့လျားကြောင်းကို ဖေါ်ပြနေသည်။
ထိုသကြားမင်း ဆိုသောအရာသည် နှစ်စဉ်နှစ်တိုင်း တစုံတရာကို အသုံးပြု၍ ဆင်းလာသည် ဟု အယူရှိကြလေရာ ၊
ယခုနှစ်တွင် အသုံးပြုမည့် ဆင်းသက်ကိရိယာမှာ အိုဇုံးလွှာအား ထိခိုက်မှု ရှိ၊မရှိ
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများက လေ့လာစောင့်ကြည့်သွားပါမည်။

မိုးမရွာခဲ့လျှင် မည်သူမျှ ထီးမေ့ကျန်ခဲ့လိမ့်မည်မဟုတ်။
အ၀ိဇ္ဇာဝံပုလွေကို တိုက်ထုတ်ရန် အရစ္စတိုတယ် က သူ့တပည့်တွေကို သင်ကြားပေးလိမ့်မည်။
သူတော်စင်တဦး ဖြစ်ရန် မည်သို့သောအချက်များ လိုအပ်ကြောင်းကို စာရင်းပြုစုရအုံးမည်။
ထို့နောက်တွင်တော့ မဟာလူသား အဖြစ်ကို အလိုမရှိ။
ထာဝရ ဆိုသော အရာကို တိုင်းတာကြည့်မိသောအခါ တည်မြဲခြင်းသည် မှန်ကန်သောအကြောင်းတရား များသာဖြစ်တော့ဧ။် ။အပြည့်အ၀မှန်ကန် ဖို့တော့ လိုအပ်သည်။
သေပြီးတဲ့နောက်မှတော့ ဘယ်အုတ်ဂူကိုမှ ဆေးရောင်မခြယ်ချင်ပါနဲ့ တော့ မိတ်ဆွေ ။
ရာသီဥတုတွေ ပြောင်းလဲလာတဲ့အကြောင်းကို ဦးထွန်းလွင်မပြောလည်း ခင်ဗျားသိတာပါပဲ။

ကျွန်တော်တို့ စကားလုံး အဖ်အမ်ဧ။် အစီအစဉ်များကို ဤတွင် ခေတ္တ ရပ်နားပါမည်။
ကျန်ရှိနေသော အစီအစဉ်များကို အာရုံလာသောအချိန်၌ ဆက်လက်ထုတ်လွှင့်သွားပါမည်။
ထိုအစီအစဉ်များကို ချစ်ခြင်းပွိုင့်ဇီးရိုးဇီးရိုး တွင် လည်းကောင်း၊ မုန်းခြင်းပွိုင့်ဇီးရိုးဇီးရိုး တွင် လည်းကောင်း
အဆင်ပြေသလို ဖမ်းယူခံစားနိုင်ပါသည်။

Monday, May 24, 2010

အလင်းမရှိသော အိပ်မက်

အနက်ရောင် ဘောပင်တချောင်း…။
အဖြူရောင် စာရွက်အလွတ်ပေါ်က အနက်ရောင်စာလုံးများ…။
ဒါတွေအားလုံးက အပြာရောင် စားပွဲတလုံး ပေါ်မှာ ဖယိုဖရဲ ။ လှလှပပ ပြန့်ကြဲနေတယ်။

အနက်ရောင် စာရွက်တရွက်….။
အဖြူရောင် မှင်နဲ့ မညီမညာ လက်ရေးများ… ။
ဒါတွေနဲ့ တစုံတရာ ဖန်တီးဖို့ ငါကြံရွယ်ခဲ့တယ်..။

အဖြူရောင် စာရွက်ပေါ်က အနက်ရောင်စာလုံးများ ၊ အနက်ရောင်စာရွက်ပေါ်က အဖြူရောင်စာလုံးများ ၊ နောက် အပြာရောင်စားပွဲတလုံး ။ ဒါတွေအားလုံးကို ပုံရိပ်ယောင် အနေနဲ့ ဖမ်းယူထားဖို့ ကင်မရာတလုံးကို ဘေးမှာချစောင့်စားရင်း ကျွန်တော် အိပ်ပျော်နေခဲ့တယ်။

တစုံတယောက်က မေးတယ် “လူတွေရဲ့ စိတ်ကို အကျိုးသက်ရောက်ဖို့အတွက် အရောင်တွေကို ယုံကြည်သလား? ” ။
တိတိကျကျ ဖြေဖို့ ခက်တဲ့ မေးခွန်းတခုပဲ။
ကျွန်တော့်အပေါ်မှာ တခါတရံ အရောင် တွေရဲ့ သက်ရောက်မှု ရှိမယ်လို့ထင်တယ်။ သူ မေးသလို “လူတွေ” ဆိုတာအတွက်တော့ သိမ်းကြုံးပြီး မဖြေ၀ံ့ပါ ။ တဆက်ထဲမှာ ပဲ ကျွန်တော် “အရောင်”တွေကို မမြင်နိုင်ရင် ဘယ်လိုခံစားမလဲ ။ နောက်ပြီး “အရောင်” ဆိုတာ ပိုင်းခြား သိနိုင်တဲ့ အသိ ကျွန်တော့်မှာ မရှိတော့ရင် ဘယ်လိုခံစားမလဲ။ နောက်ဆုံး “အရောင်”ဆိုတဲ့ အရာကို “အရောင်”လို့ မမြင်ချင်တော့ရင် ကျွန်တော် ဘယ်လိုဖြစ်မလဲ။ မေးခွန်းတွေ ပြန့်ကြဲသွားသည်။

ကျွန်တော့်ရဲ့ ဖြတ်သန်းမှု အနည်းငယ်လေးအတွင်းမှာ သိလိုက်ခွင့်ရလိုက်တဲ့ အရောင်တွေက ယုံကြည်လောက်စရာမကောင်းပါ။ ကျွန်တော် မသိနားမလည်တာလည်း များလွန်းပါသည်။ အ၀ါရောင် နဲ့ လိမ္မော်ရောင် တောင် ကွဲကွဲပြားပြားမသိ။ အနီ ၊ အစိမ်း နဲ့ အပြာ တို့ အကြောင်း အကောင်းကောင်း မသိ။ အပူရောင် ၊ အအေးရောင် ခွဲခွဲခြားခြားမသိ။

“အဖြူနဲ့အနက်” တဲ့ ဒီစကားကို ကျွန်တော်စကြားဖူးတာ ကာလာမစုံတဲ့ ဓါတ်ပုံတွေက တဆင့် ထင်ပါရဲ့။ အဲဒီကနေ စပြီး အဖြူရောင် နဲ့ ဆန့်ကျင်ဘက်ဟု ယူဆသော အနက်ရောင်ကို တွဲပြီး သိလာခဲ့သည်။

“ ဒါ.. ဘာအရောင် ဖြစ်မယ်ထင်လဲ” ဟု ငယ်ငယ်က ပဟေဠိဝှက် ကြတဲ့အခါ “ အဖြူရောင် မဟုတ်ဘူး ”
ဟု နိမိတ်ပြ စကားပြောလျှင် ကျွန်တော်က “အနက်ရောင်” ဟု အဖြေပေးတတ်ပါသည်။ကျွန်တော့် အဖြေကလည်း အမြဲတမ်းလိုလို မှန်နေခဲ့ပါသည်။

ဒါကပဲ တကယ့် အမှန်တရားနဲ့ ဝေးကွာရခြင်းရဲ့ အကြောင်းတရားတခုလား ?

တစုံတယောက်ရဲ့ မေးခွန်းကို ဖြေဖို့ ကျွန်တော် ကြိုးစားကြည့်သည်။ “အရောင်” ဆိုတာ အလင်းပြန်ခြင်း ကြောင့်သာဖြစ်ပေါ်တယ် လို့ ကျွန်တော်ကြားဖူးထားသည်။ တကယ်လို့ အလင်းမရှိရင် ကျွန်တော် ဘာကို မြင်မလဲဆိုတာ အနီးစပ်ဆုံး စဉ်းစားကြည့်တော့ မှောင်မဲခြင်း။

မှောင်မဲ နေတာဟာ အနက်ရောင်လား ။ ကျွန်တော် သေချာ မသိပါ။ သို့တည်းမဟုတ် အလင်းပြန်ခြင်း မဟုတ်ပဲ အရောင်တခု မြင်နေရတာလား။ ကျွန်တော် လုံးဝ မသိပါ။

ထို့ကြောင့် “အရောင်” ဆိုသော အရာ သည် ကျွန်တော်နဲ့ အဝေး တနေရာ တွင်သာ ရပ်တည်နေခဲ့ဧ။် ။

“ အဖြူ မဟုတ်လျှင် အမည်းနှင့် တကွ တခြားမည်သည့်အရောင်မဆို ဖြစ်နိုင်သည်” ဟု ကျွန်တော့် မိတ်ဆွေဧ။် အက်ဆေးတပုဒ်ထဲမှာဖတ်ဖူးသည်။ ကျွန်တော် ထိုစာကြောင်းကို နည်းနည်း ထပ်ဖြည့်လိုက်ချင်သည်။

“ အဖြူမဟုတ်လျှင် အဖြူမဟုတ်သော အရောင်သာဖြစ်နိုင်ပါသည်”

ကျွန်တော့် အိပ်မက် ကို ဤ နေရာ၌သာ ရပ်တန့် လိုက်ချင်သည်။
သို့သော် “ အိပ်မက်ထဲတွင် အရောင် ကို သိနိုင်စွမ်းမရှိ” ဟု အိပ်မက်သုတေသီတို့က ဆိုဧ။် ။

Wednesday, May 5, 2010

ကျွန်တော် “ရှိ” သော မိုးရာသီနှင့် ကျွန်တော် “သိ” သော မိုးရာသီ

ပြတင်းပေါက် က တဆင့် သေးသေးပြောက်ပြောက် ကြယ်ကလေး လေး၊ငါး ခု ၀ါးတ၀ိုးမြင်နေရသည်။
ပြတင်းပေါက် က တဆင့် မြေသင်းနံ့ နှင့်အတူ လေနုအေးတွေ ခြေသံတိတ်တဆိတ်နဲ့ ၀င်လာကြသည်။
ထိုနေ့က မိုးရွာဧ။် ။

မိုးရွာထဲတွင် လမ်းလျှောက်ထားသော ကျွန်တော့်အဖို့ ရေနွေးကြမ်းတအိုး နှင့် စောင်ပါးပါးတထည် ကို အလိုရှိလှဧ။် ။

“မိုး” နှင့်အတူ “လေ” သည်လည်း အနည်းငယ်ပြင်းထန် သည်။ထိုကဲ့သို့သော မိုးရွာထဲ တယောက်တည်း လမ်းလျှောက်ခြင်း ကို အန္တရာယ်များသည် ဟု ဆိုကြသော်လည်း “မသိခြင်းတရား” ဧ။် အန္တရာယ်ကိုတော့ မည်သို့သောသူက ကြောက်ရွံ့ စိုးရိမ်ကြမည်နည်း။

မိုးရေ စိုရွှဲနေသော ကျွန်တော့်ခန္ဓာသည် အေးမြနေဧ။် ။ ကျွန်တော် လျှောက်နေသော လမ်းမပေါ်တွင် မိုးရွာသောကြောင့်လားမသိ လူမရှိ။ ထို့ကြောင့် ကျွန်တော့် စိတ်ဝိဥာဉ်သည်လည်း အေးမြနေဧ။် ။
မိုးရွာထဲတွင် လမ်းလျှောက်ထွက်ရခြင်းဧ။် အရသာကို သိလိုပါက ကိုယ်တိုင် လမ်းလျှောက်ထွက်ကြည့်ခြင်းဖြင့်သာ သိနိုင်ဧ။် ။ နှုတ်ဖြင့် တဆင့်ပြန်ပြောပြခြင်းသည် လည်းကောင်း၊ စာဖြင့် တဆင့်ပြန်ဖော်ပြခြင်းသည်လည်းကောင်း ခံစားမှုကို တိကျစွာ ပြန်လည် မပေးဆောင်နိုင်။

မိုးရာသီ တွင် ကျွန်တော့်အတွက် လိုအပ်မည်ဟုထင်သော အရာများကို အနီးစပ်ဆုံး တွေးကြည့်မိဧ။် ။
ခေါက်ထီးတလက် နှင့် ရာဘာဖိနပ် လား?
စောင်ပါးပါးတထည် နှင့် စုံထောက်ဝတ္ထု လား?
ပန်းဆိုးတန်းက လက်ဖက်ရည် ကျကျတခွက် နှင့် ရေစိုနေတဲ့ ဗိုလ်အောင်ကျော်လမ်း လား?
ရေနွေးကြမ်း နှင့် နံပြားပျော့ပျော့တချပ် လား?
အတိဿရရာသီ ကဗျာစာအုပ် နှင့် ပဒီးပဒါးစကားတွေ လား?

ကျွန်တော့်ဧ။် သိမှုနယ်ပယ်တွင် ရှိသော မိုးရာသီဧ။် မိုးရေချိန်လက်မများကို တိုင်းရာ၌
-ကျွန်တော့်ဆံပင် နှင့် ဂျင်းဘောင်းဘီအနားတွင်စိုစွတ်နေသော ရေပမာဏဖြင့်လည်းကောင်း
-မိုးရေကြောင့် လှပနေသော သစ်ပင်တို့ဧ။် စိမ်းစိုမှုဖြင့်လည်းကောင်း
-ဖါးအော်သံ တို့ဖြင့် လည်းကောင်း တိုင်းတာပါမည်။

ကျွန်တော့် စိတ်ဝိဥာဉ် စိုစွတ်ရန်အတွက် လိုအပ်သော မိုးရေချိန်လက်မ ပမာဏကို တော့ ကျွန်တော်ကိုယ်တိုင်ပင် မသိနိုင်ပါ။

Sunday, March 21, 2010

ကုက္ကိုရွက် နှင့် အတူ ဝေ့၀ဲကျသွားသော နွေညများ

လရောင် အောက်က ကွပ်ပျစ် ပေါ်မှာ ကျွန်တော်တို့ ၀ိုင်းဖွဲ့ ထိုင်ခဲ့ကြဖူးတယ်။ ညများစွာ….
အတိအကျ ဆိုသော်.. နွေညများစွာ။

ကလေးဘ၀မှာတော့ နားမလည်မှုများစွာနဲ့ ကြယ်တွေကိုကြည့်ခဲ့ရတယ်။ ကြယ်အစုံနဲ့ကောင်းကင် ဟာ ကျွန်တော့်ကို ပဟေဠိဝှက်ပြီး ကြည်စယ်နေတာလို့ လုံးဝ မထင်မိပါဘူး။ မထူးဆန်းပါဘူး။ ကျွန်တော်မှ မသိချင်ဘဲ။ အမည်းရောင် ဟင်းလင်းပြင်ကြီး
ထဲက ချစ်စရာအစက်အပြောက်ကလေးတွေ လို့ သိထားတယ်။ ကျွန်တော့်အတွက် ကတော့ ဒီလောက်ဆို လုံလောက်ပါပြီ။

နောက်မှ တစ်ယောက်တစ်ပေါက် ပြောသံကြားလာရတယ်။ အဲဒီကြယ်ရဲ့ နာမည်က ဘာ၊ ညာ နဲ့ သိပ်ကို ရယ်စရာကောင်းတာပါပဲလား ။ သူတို့ ထင်သလိုနာမည်ပေးထားကြတာလေ။ နောက်ပြီး.. သူ့ဘာသာသူ ပြန့်ကျဲ လှပနေတဲ့ ကြယ်တွေကို သူတို့က အုပ်စုဖွဲ့ ပြီး နာမည်ပေးကြသေးတယ်။ အဲဒီကိစ္စကတော့ မတရားဘူးလို့ထင်တာပါပဲ။ ပိုင်းခြားသက်မှတ်ခြင်းအားဖြင့် အလှတရားကို ဖျက်စီးကြတာလား။


“ကောင်းကင် ဟင်းလင်းပြင်ထဲက ကြယ်တွေကို ခံစားတဲ့အခါ ကျွန်တော်.. နားမလည်ခြင်းတွေကိုပဲ လိုချင်ပါတယ်။ ”


အထက်ပါအတိုင်း တောင်တောင်အီအီ ရည်ရွယ်ချက်မရှိဘဲ စဉ်းစားဖြစ်နေတာကတော့ ပြတင်းပေါက် ကနေပြီး ကြယ်တွေကို ကြည့်ဖြစ်ခဲ့တဲ့ နွေညတွေမှာပေါ့။
“နွေ ဟာ အထီးကျန်စေသလား ။ နွေ ဟာ လွမ်းမောစေသလား ။ ဒါမှမဟုတ် နွေဟာ မျှော်လင့်ချက် တွေ ပေးတာ လား ၊ ယူတာလား။ ” အဲဒါတွေ ကျွန်တော် မသိ။ ကျွန်တော်သိတာ နွေဟာ ပူတယ်။ အိုက်တယ်။ တစ်နေ့ခင်းလုံး ပူလောင်ခြင်းအတွက် အလျော်အစားအဖြစ် ည ဘက်မှာ လေပြေတွေကို မဖြစ်စလောက် ပေးတယ်။ ဒီလိုညတွေမှာ ကျွန်တော်တို့ ၀ိုင်းဖွဲ့စကားပြောဖြစ်ကြတာပေါ့။

ညပိုင်းမှာ ကြယ်တွေငေးရင်း ကုက္ကိုပင်အောက်ကို ထိုင်ကြည့်ပါ။ အသံပြုတိုက်ခတ်နေတဲ့ လေပြေ တွေက ကုက္ကိုရွက်ဝါတွေကို ကြွေစေတယ်။

နွေနေ့လည်ခင်းတွေက မညှာမတာ ပူပေမယ့် ကုက္ကိုရိပ်တွေကတော့ သိပ်ချစ်ဖို့ကောင်းတယ်။ ကုက္ကိုပင်အောက်မှာ ထိုင်ရင်း ကုက္ကိုရွက်ကြွေတာကို ကြည့်နေတဲ့လူတွေ ကို တွေ့ဖူးမှာပါ။ ဘာရယ်မဟုတ်ပေမယ့် အမှုမဲ့အမှတ်မဲ့ လုပ်တတ်ကြပါတယ်။

ကျွန်တော်က တော့ တမင်သက်သက် ကုက္ကိုရွက်ကြွေတာ ထိုင်ကြည့်ခဲ့တယ်။ အနှောင်အဖွဲ့ကင်း ပြီး မသိခြင်းများတဲ့ ကျွန်တော့် ရဲ့ ငယ်ဘ၀က ကုက္ကိုပင်တွေထဲမှာ ခိုအောင်းပျောက်ကွယ်သွားပြီ ထင်ပါရဲ့။

Thursday, December 31, 2009

ကျွန်တော် နှင့် နာရီ

ကျွန်တော် နာရီမကြည့်တတ်သေးသည့် အရွယ်၌ နာရီတစ်လုံး ရှိခဲ့ဖူးသည်။ အိမ်ကိုအလည် လာသည့် ကျွန်တော့် အဒေါ်က ၀ယ်ပေးသွားခဲ့ခြင်းဖြစ်၏။ ထိုနာရီကလေး ကို ဖွင့်လိုက်လျှင် ဆင်ဒရဲလား သီချင်းသံ ကြားရသည်။ ညအိပ်လျှင်ပင် မချွတ်တမ်း ၀တ်ထားမိ လောက်အောင် ကျွန်တော် နှစ်သက်ခဲ့သည်။အချိန်တွေကို သိရသောကြောင့်(သို့) သိချင် သောကြောင့် ထိုနာရီလေးကို ၀တ်ခဲ့ခြင်းမဟုတ်။

ဒီလိုနဲ့ ကျွန်တော် နာရီကြည့်တတ်သော အရွယ်ရောက်လာခဲ့ပါသည်။ အဖေ ၀ယ်ပေးသော ကျွန်တော့် နာရီလေးမှာ နာရီ၊မိနစ်၊စက္ကန့် အပြင် Day ၊ Date (အတု)ပါ ပါသည်။ ကျွန်တော့်အတွက် မျက်စိနောက် စရာ Day, Date ဒိုင်ကွက် အတု လေးသည် အတုဖြစ်သောကြောင့် ဘယ်တော့မှ မရွေ့လျား ပါ ။ အဖေက ကျွန်တော့် အတွက် လျစ်လျူရှု ပြီး ကြည့်တတ် အောင် တမင်ဝယ်ပေးခဲ့ခြင်းပေ လား။ ကျွန်တော် သေချာမသိသော်လည်း နာရီ၊မိနစ်၊စက္ကန့် တံ (အစစ်) ကလေးများကိုသာ ရွေးချယ် ကြည့်ခဲ့မိသည်။ သို့ပေမယ့် နာရီသည် ကျွန်တော့်အတွက် အရေးမပါလှ။

အမေ အိပ်ခိုင်းသော အချိန်၌ အိပ် သည်။ ဗိုက်ဆာသော အချိန်၌ စားသည်။ အမေ နှိုးသော အချိန်၌ ထ မည်။ အမေ ကျောင်းပို့သော အချိန်၌ ကျောင်းသွားမည်။ ခေါင်းလောင်းထိုး၍ ကျောင်းဆင်း ချိန်၌ အဖေက ကျောင်းရှေ့မှာ လာကြိုနေမည်ဖြစ်သည်။ ကျွန်တော့်အတွက် နာရီက ဘယ်အတိုင်းအတာ ထိအရေးပါနေလို့လဲ! ။ အော်.. အချိန် အကန့်အသတ် မရှိ ကစားချင် ကစား နိုင်သေးသည်။

အလယ်တန်းကျောင်းသား ဖြစ်လာခဲ့သော ကျွန်တော်သည် ကျူရှင် နှစ် ခု ၊ သုံးခု တက် လာရသည်။ မနက်စောစော ထ ၍ ညမိုးချုပ် တဲ့အထိ အိမ် ၊ ကျောင်း ၊ ကျူရှင် ကူးနေ ရသည်။
“ ဟဲ့ .. နာရီလည်းကြည့်ဦး ၊ ဘယ်အချိန်ရှိပြီလည်း ထတော့ ။ ကျူရှင်သွား ရတော့မယ်” ဆိုတဲ့ အမေရဲ့ စကားသံနဲ့အတူ အိပ်ယာခေါင်းရင်းမှာရှိတဲ့ ကျွန်တော့် နာရီလေး ကို အိပ်ချင်မူးတူး ကြည့်တတ်ခဲ့သည်။ အမေနှိုးသောအချိန်သည် စော လွန်းနေလျှင် အိပ်ယာထဲမှာ အိပ်ချင်ယောင်၍ ဆက်အိပ်နေအုံးမည်။ နောက်ကျလျှင်တော့ အမြန်ဆုံး ဖြစ်အောင် ပြေးရတော့မည်။ ငါးမိနစ် ၊ ဆယ်မိနစ် ဆိုသော အချိန်သည် ကျွန်တော့်အတွက် အတိုင်းအတာတစ်ခုအထိ အရေးပါလာခဲ့သည်။

ကျွန်တော် ဆယ်တန်း တက်ရတော့မယ်ဆိုတော့ အဖေက ကျွန်တော့်ကို နာရီတစ်လုံး ၀ယ်ပေးခဲ့သည်။ ကျွန်တော် ကြိုက်သော နာရီလေး ဖြစ်သည်။ ထို့ကြောင့် ပျော်သည် ။ သို့သော် အဒေါ် ၀ယ်ပေးခဲ့သော ဆင်ဒရဲလား နာရီ လေး ရတုန်းက ပျော်သလိုမဟုတ်။
“ပျော်ရွှင်မှု” ဆိုသော စိတ်ခံစားမှု သည် စကားလုံးအနေနဲ့ ယေဘုယျဆန် လွန်းသည်ဟု ကျွန်တော်ထင်မိခဲ့သည်။

ဆယ်တန်းမှာ မဖြစ်ချင်ဆုံးနဲ့ စိတ်အညစ်ဆုံး အလုပ်များကို သာ လုပ်ရသည်ဟု ကျွန်တော်ခံစားနေရသည်။ အချိန် နဲ့ စားရသည်။အချိန် နဲ့ စာသင်ရသည်။ အချိန် နဲ့ ရေချိုး ၊ အချိန်နဲ့ အိမ်သာတက် ။ မိဘ ဆွေမျိုးတွေနဲ့ လည်း အချိန်နဲ့ သာ တွေ့ရသည်။
ကျွန်တော့်လှုပ်ရှားမှုများသည် “ကျွန်တော့်စိတ်”နှင့် “အဆောင်အချိန်ဇယားဧ။် ကိုယ်” ဖြစ်နေခဲ့သည်။

တစ်ခါတခါ နာရီလက်တံတွေကို ပြောင်းပြန်လှည့်ချင်စိတ် များသာ နေ့စဉ်ရက်ဆက် ပေါ်နေခဲ့သည်။

“သုံးနာရီအတွင်းမှာ မင်းတို့ တစ်နှစ်လုံးသင်ထားသမျှ၊ သိသမျှ အကုန်ဖြေ ရမှာပဲ” ။ နှစ်စမှ နှစ်ဆုံး အထိ ဆရာ တဖွဖွ ပြောသော စကားဖြစ် ၍ ကျောင်းသားတိုင်း အလွတ်ရနေကြသည် ။ “ကန့်သတ်ပေးခဲ့သော အချိန်များသည် တစ်စုံတစ်ခု အတွက် အဖြေများ ရနိုင်ပါမည်လော” ဟု မကြာခဏ ကျွန်တော် စဉ်းစားဖြစ်ခဲ့သည်။
ဒီလိုနဲ့ ဆယ်တန်း စာမေးပွဲက ပြီးသွားခဲ့သည်။ စာမေးပွဲ အတွက် ရလဒ်အဖြေ သည်လည်း ပြီးသွားခဲ့ပြီဟု ကျွန်တော်ယူဆပါသည်။

ဆယ်တန်း ပြီး လို့ နွေရာသီကျောင်းပိတ်ရက်ရောက် လျှင် ကျွန်တော့်ဘ၀ ရဲ့ အပျော်ဆုံးအချိန်ဖြစ်မည်ဟု ကျွန်တော်ထင်ထားခဲ့သည်။ သို့သော် မှားခဲ့ပါသည်။ ကျွန်တော် မပျော်တတ်ခဲ့ပါ။ အချိန်ဖြုန်းခြင်း သက်သက် ဖြစ်နေသည်ဟု ကိုယ့်ကိုကိုယ် ခံစားရပြီး အရာရာတိုင်းကို စိတ်အလိုမကျ ဖြစ်နေခဲ့သည်။ နာရီတွေက မြန်လွန်းသည်ဟု ထင်မိသည်။

မနေ့က နှင့် ဒီနေ့သည် လည်း အမွှာညီကို လား ဟု သံသယ ရှိလာသည်။ မနေ့က ဒီပုံစံ နှင့် ဖြစ်နေသော ကျွန်တော်သည် ဒီနေ့လည်း ဒီပုံစံ သာ ဖြစ်နေသည်။ အချိန်မှလွဲ၍ ကျန်သော အရာများ မပြောင်းလဲ ဟု ထင်ခဲ့မိသည်။ ဘာမှန်းမသိသော တစ်စုံတစ်ရာကို သာ စောင့်နေရသည် ။ ဆယ်တန်းအောင်စာရင်းလား ၊ သေခြင်းတရားလား ။ ဒါမှမဟုတ် တစ်စုံ တစ်ရာ ဆိုသော အရာကိုလား ။

ပြီးခဲ့ပြီ ဟု ယူဆထားသော စာမေးပွဲရလဒ်အဖြေကိုတော့ ကျွန်တော် စိတ်မောခံပြီး စောင့်နေမိမှာ မဟုတ်။
ထိုကာလများအတွင်း ကျွန်တော် သည် နာရီကိုချွတ်ထားမိပါသည်။

ထို့နောက်တွင်တော့ မခေါ်ပဲရောက်လာသော အောင်စာရင်းထွက်ချိန်သည် ရောက်လာခဲ့သည်။ ပတ်ဝန်းကျင်ကို Day, Date (အတု) ကဲ့သို့ ကျွန်တော်က လျစ်လျူရှုထားပါသော်လည်း ကျွန်တော့်အပေါ် အကျိုးသက်ရောက်မှုများလွန်း သည်ဟု ထင်ပါသည်။ ကျွန်တော့် အောင်စာရင်းရလဒ်သည် ကျွန်တော်ကိုယ်တိုင် အပါအ၀င် ပတ်ဝန်းကျင်က ထင်ထားသည်နဲ့ လွဲခဲ့ပါသည်။ ရလဒ်သည် ဇောက်ထိုး ဖြစ်သည်။ ဆယ်တန်းအောင်စာရင်းမှာတောင် ရလဒ်မကောင်းဘူးဆိုတဲ့ ကျွန်တော့်ကို လူညံ့ဟု သတ်မှတ်ကြပေမည်။

သူတို့ဧ။် သတ်မှတ်ချက်သည် မပြောင်းလဲသောနာရီဒိုင်ကွက် များ ပင်ဖြစ်သည်။

ထို့နောက်တွင် ကျွန်တော့်စိတ်ကြိုက်ဖြစ်သော နာရီတစ်လုံးကို ၀ယ်လိုက်သည်။ ထိုနာရီတွင် စက္ကန့်တံ မပါ။ တစ် မှ ဆယ့်နှစ် အထိ ဂဏန်းများလည်းမပါ။ ပြောင်ရှင်း ၍ ကြည့်ကောင်းနေသော ထိုနာရီကို နောက်ပိုင်းတွင် မိနစ်တံ ၊ နာရီတံများ ပါ ဖြုတ်ပစ်ဖို့ အစီအစဉ်ရှိပါသည်။

Wednesday, December 9, 2009

ရယ်သံများ ကြားပြီးနောက် . .

ခေါင်းပေါ်က ဟု ထင်ပါသည်။ အတက်နိုင်ဆုံး အတိအကျပြောရလျှင် ငယ်ထိပ် ဟု ပြောနေကြသောနေရာမှဖြစ်လိမ့်မည်။ လေးလံနေသည်။ မဟုတ်လောက်ဘူး … မူးဝေနေသည်။ မူးဝေနေလား.. လေးလံနေလား မသေချာ ။ စိတ်ထဲမှာတော့ ဒီနေရာ ကို သတိတရ ဖြစ်နေသည်။ ကိုယ့်လမ်းလျှောက်သံပဲ ကိုယ်ကြားရတယ်။

“ လောကကြီးမှာ … မင်းတို့ ၊ ငါတို့ … တွေဟာ ” အဲဒီအသံဟာ ဘေးကဖြတ်လျှောက်သွားတဲ့ လူတွေဆီကလာတာပဲ။ ဝေးသွားလိုက် နီးလာလိုက်နဲ့ ငါ့နားထဲမှာ ကြားရတယ်လို့ ၊ သိနေတယ်။ ဘာတွေလဲ ဆိုတာ ဆက်မသိချင်တော့လို့ပါ။ ဆက်မကြားပါရစေနဲ့ ၊ မတွေးပါရစေနဲ့ ။ ငါ့ခြေသံတွေပဲ နားထဲမှာ အကျယ်လောင်ဆုံး ကြားနေရတယ်။ ခေါင်းပဲ မူးနေလို့လား ။ နေမကောင်းလို့လား ။ ဘာမှ သေချာလည်းမသိ ။ သိလည်းမသိချင် ။ မသိအောင်ဘဲ ကြိုးစားနေမိတယ်.. ။

မတောက်တခေါက် အသိဥာဏ် စဉ်ခြင်တုန် တရားတွေ ဒီအချိန်မှာ ၀င်မလာတာကိုပဲ ကျေးဇူးတင်မိပါတယ်။ နောက်နောင်လည်း ဒီ အသိတရား ဆိုတာတွေ မလာပါနဲ့တော့ ။ ငါကိုယ်တိုင် ပဲ ဖန်တီး ခဲ့တယ်ပြောရမလား ၊ ဒီ.. အသိ ဆိုတဲ့ အရာတွေကို ။ အခုတော့ … တကယ်ပဲ ရှောင်ပြေးချင်ပြီ။ “အသိမရှိတော့ရင် အရူးပေါ့” လို့ ပြောကြလိမ့်မည်။ ထိုသူတို့အား တစုံတရာ တုန့်ပြန်ငြင်းဆို လိမ့်မည်မဟုတ်။

သိနေခြင်းသာ ရှိတော့သည်။ လမ်းလျှောက်နေတာက လူတွေကြားထဲမှာပါပဲ။ ဒါပေမယ့် ငါတစ်ယောက်ထဲ ရဲ့ အသံနဲ့ လှုပ်ရှားမှုသာ ငါ့ဆီမှာအရာထင်နေတယ် ။ သေချာတယ် … အဲဒီအချိန်မှာတွေးမိတာက “ လေဟာနယ်ထဲပဲ ရောက်နေရော့လား” ။ ဟုတ်သည် ၊ မဟုတ်သည် လည်းမသိချင်တော့ပါ ။ ခေါင်းပေါ်မှာ လေးလံနေသလိုပါပဲ ။ ဆံပင်တွေကို လက်နဲ့ ဖွကြည့်မိတယ် ။ လက်နဲ့ဆံပင် ထိ သွားတဲ့အသံက သာမာန်ထက် ပိုကျယ်လောင် လွန်းနေသလိုပဲ။ ထင်ရတာလား တကယ်လားလဲမသိ။ ဒီလိုအဖြစ်မျိုး .. ငယ်ငယ်က အသည်းအသန်နေမကောင်းဖြစ်တုန်းက တစ်ခါ ခံစားဖူးတယ်။ အတိအကျ ဆင်တူလိမ့်မယ်လို့တော့ မယုံကြည်ပါ။

ခြေသံကလည်း ခပ်ကျယ်ကျယ် ကြားနေရတယ်။ သေချာတာ တစ်ခုက ငါ့ခြေသံ။ ငယ်ထိပ်မှာလို့ ထင်ထားတဲ့ လေးလံမှု က မေးရိုးတွေနဲ့ နားရွက်တွေအထိ ရောက်လာပြီထင်တယ် ။ ဒါ…… လေးလံမှုမဟုတ်ဘူး ။ တင်းကျပ်မှု . . . ။ ငါ့ပါးစပ်က ဘာအသံမှ မထွက်ဘူး ။

ညနေ နေ၀င် ချိန်ဖြစ်လို့ တိမ်တွေ လှမှာပဲ လို့ ထင်ပြီး အားကိုးတကြီး ရှာကြည့်လိုက်တယ်။ တွေ့ပါတယ် ။ ဒါပေမယ့် လှတယ်. မလှတယ် ဆိုတာကို မသိတော့ဘူး။ မြင်ယုံပဲ မြင်ရတော့တယ်။

လမ်းလျှောက် နေတာပဲ ။ အိမ်ကို လမ်းလျှောက်နေတာ ။ အရှေ့ ဆိုရင် ရောက်ပြီပဲ။ တံခါးကို တွန်းဖွင့်ပြီး ၀င်လိုက်တယ်။ သော့ခတ်မထား ပါ ။ အိမ်ထဲမှာရှိတဲ့ လူတွေ ရဲ့ မျက်လုံးတွေက ဖျက်ခနဲ့ ငါ့ကိုယ်ပေါ်မှာ ။ သူတို့ ပြုံးရယ် ပြ ကြတယ်ထင်တယ် ။ ငါတော့ ငါ့အခန်းထဲကိုပဲ ၀င်လာခဲ့တယ်။ သူတို့ဆီက အသံ တစုံတရာ မကြားရ ။

အခန်းထဲရောက် တဲ့အခါ ငါ့ ခေါင်း လေးလံမှု ၊ တင်းကျပ်မှု ဘာမှ မပြောင်းလဲသွားဘူး ။ လေးလံ ဆဲ ၊ တင်းကျပ်ဆဲ ။

အရင်ဖြစ်ခဲ့တာတွေ အခု ဘာမှ မသိတော့ပါ။ လွယ်အိတ်ကိုချတယ်။ အင်္ကျီ ၊ ဘောင်းဘီ လဲ တယ်။ ပြီးတော့ .. သီချင်းတစ်ပုဒ်ဖွင့်လိုက်တယ်။သီချင်းရဲ့ အစမှာ လက်ခုပ်သံ တွေ ဆူညံ နေတယ်။ နောက် ဂစ်တာသံ ၊ နောက် အဆိုတော်ရဲ့ သီချင်းသံ ။ ကြား တော့နေရတယ် ။ ဒီသီချင်း က ငါ့ကှို နည်းနည်း လောက်မှ သက်ရောက်မှု မရှိ။ တစ်ချိန်တုန်းက တော့ ဒါတွေကို ငါ .. စွဲမက်ခဲ့ဖူး မယ် ။

မျက်နှာသုတ်ပုဝါ နဲ့ ငါ့မျက်နှာ ငါ သုတ် လိုက်တယ်။ မျက်စိတွေ မှိတ်ဆင်းပြီး တစ်ခုခု ကို အစနဲ့ ညိ သွားသလိုပဲ. ။ ငါ …… ရယ်မောခြင်းအမှု မပြု ရတာ အချိန်အတော်ကြာပြီဘဲ။

Wednesday, March 4, 2009

အဝှေ့ခံလိုက်ရသော ကျွန်တော်

တစ်နေ့က ကျွန်တော် မြစ်ကူးတံတားကို ကားဖြင့် ဖြတ်သွားစဉ် တွေ့လိုက်ရသော မြင်းကွင်းတစ်ခု …………… ။

မြစ်ကမ်းစပ် တစ်နေရာ ရှိ သစ်ပင်တစ်ပင်တွင် ပေ ၁၀ ခန့်ရှည်သော ကြိုးဖြင့် နွားတစ်ကောင်ကို ချည်ထားလေသည်။ နွားထီး တစ်ကောင်ဖြစ်ဧ။် (အညာသားဖြစ်၍ နွားထီး၊ နွားမ ခွဲတတ်ပါသည်) ။ အနီရောင် အဆင်းရှိဧ။် ။ စိုပြည်လုံးချောဧ။် ။

မြစ်ကမ်း နံဘေးတွေရှိသော မြက်ခင်းစိမ်းစိုစို ကို ကြည်နူးစွာ စားသုံးနေပုံရသည်။

ထိုစဉ် . . . အညိုရောင် ရှိသော နွား နှစ်ကောင်သည် အရှိန်အဟုန် ဖြင့် နွားနီထံ ပြေး၍ ဝှေ့ လေသည် ။ မည်သို့သော ရန်ညှိုး ၊ မည်သို့သော ရည်ရွယ်ချက်ကြောင့် ဝှေ့သည်ကိုတော့ ကျွန်တော်မသိ။ တရားမျှတမှုမရှိ စွာ ဝှေ့နေသည် ဟုသာ ကျွန်တော် သိဧ။် ။

နွားနီသည် ကြိုးဧ။် ဖမ်းချုပ်ထားမှုကြောင့် မလွတ်လပ်သော အနေအထားတွင်ဖြစ်ဧ။် ။ နွားညို နှစ်ကောင်မှာ နှောင်ချုပ်ထားသော ကြိုးများမရှိ ။ ပြီးတော့ နှစ်ကောင်ဖြစ်သောကြောင့် အင်အားများ သည် ဟု ဆိုချင်သည်။ ထိုကြောင့် အင်အားချင်းလည်း မမျှတ ။

နွားနီ သည် ပြန်ဝှေ့နိုင် စွမ်းမရှိသည့် အပြင် ၊ ကာကွယ်နိုင် စွမ်း လည်း မရှိ။ ထို့ကြောင့် နွားညို နှစ်ကောင်က အညှိုးအတေး ကြီးစွာ ဖြင့် စိတ်ကြိုက် ဝှေ့နေလေဧ။် ။ နွားနီဧ။် ဗိုက် ၊လည်ပင်း နှင့် တင်ပါးတို့တွင် သွေးများပင် ထွက် လာလေသည် ။ကြိုးက ဖမ်းချုပ်ထားသောကြောင့် လည်ပင်း ဆန့်ပြီး သာ အလူးအလဲ ခံနေရလေသည် ။ မည်သို့သော တုံ့ပြန်ခွင့် ၊ မည်သို့သော ကာကွယ်ခွင့်တို့မျှ မရှိချေ။

ဤသို့ သောမြင်ကွင်း သည် ကျွန်တော့်စိတ်ကို ဂယက် ရိုက်လာလေဧ။် ။ စိတ်ထဲတွင် ဒေါသဖြစ်သလိုလို ၊ အားမလို အားမရ ဖြစ်သလိုလို ၊ တုန်လှုပ်သလိုလို ၊ ၀မ်းနည်းသလိုလို နှင့် ခေါင်းစဉ်တပ်မရအောင် ခံစားလိုက်ရသည် ။

တံတားအောက်မှ အဖြစ်အပျက်ကို တံတားပေါ်မှ ကားစီးရင်း မြင်လိုက်ရခြင်းဖြစ်သည်။

မမျှမတ အဝှေ့ ခံနေရသော နွားနီ အတွက် စိတ်မကောင်းဖြစ်မိဧ။် ။ နိုင့်ထက်စီးနင်း ၊ အင်အားနဲ့ အခွင့်အရေးကို အသုံးချပြီး ရက်စက်စွာ တိုက်ခိုက်နေသော နွားညိုနှစ်ကောင်ကို မုန်းတီး မိဧ။် ။

ကျွန်တော့်ဧ။် စိတ်ကူးထဲတွင် ထိုနွားညိုနှစ်ကောင်ကို သူတို့ ရက်စက်သလို ပြန်လည် ရက်စက်စွာ တုံပြန်ချင်သည် ။ တစ်နည်းအားဖြင့် နွားနီခံစားရသလို ပြန်ခံစားရအောင် လုပ်ပစ်လိုက်ချင်သည် ။
ကျွန်တော် ထိုမြင်ကွင်းကို ကျော်လွန်ခဲ့လေပြီ။

သို့သော် . . . . . ကျွန်တော့် ရဲ့ အတွေးတွေက ဆက်လက် ချီတက်နေလေသည်။ ချီတက် နေသော ကျွန်တော့်အတွေးကို ခဏရပ် ၊ ကိုယ့်စိတ်ကို ပြန်သုံးသပ်ကြည့်လျှင် . . . . ။

ကျွန်တော် နွားနီအစား ကလဲ့စား ချေချင်သည် ။ နောက်တစ်ခါ ဒီနွားညိုတွေ နိုင့်ထက်စီးနင်း မလုပ်ဝံ့အောင် ဆုံးမချင်သည် ။

“ဒါပေမယ့် ကျွန်တော် နွားညိုတွေကို သူတို့ရက်စက် သလို ပြန်ရက်စက် လိုက်မည်ဆိုလျှင် တရားမျှတ ပါ့မလား ?”

“တရားမျှတချင်လို့ ကလဲ့စားချေတယ်ဆိုတာ ကလည်း မှန်ကန်တဲ့ လုပ်ရပ် ဖြစ်နိုင်ပါ့မလား ?”

“ ဒါဖြင့်ရင် တရားမျှတခြင်းနဲ့ အမှန်တရား ၊ အမှန်တရားနဲ့ တရားမျှတခြင်း ဘယ်ပုံဘယ်နည်းနဲ့ ဖြစ်တည်နေကြတာပါလိမ့် ။
တရားမျှတမှုတိုင်းက အမှန်တရား ဟုတ်ပါ့မလား?
အမှန်တရားတိုင်းက ရော တရားမျှတနိုင်မလား? ”

ကျွန်တော့်ကို ကျွန်တော် ပြန်မေးနေမိသည်။

(၀န်ခံချက်။ ။ ဒီစာတွင် အစပထမက “ဝှေ့” ဆိုသော စကားလုံးကို “ခွေ့” လို့ သုံးထားပါသည်။ ကိုနေမိုးဝေ ပြောပြမှ အမှန်းအတိုင်းသိသော ကြောင့် ပြန်လည် ပြင်ဆင်ထားပါတယ်ခင်ဗျာ )

Saturday, January 31, 2009

ဝိဥာဉ် မဲ့ နေတဲ့ ပြဇာတ်ရုံ

ကျွန်တော့်မှာ ပြဇာတ်ရုံလေး တစ်ရုံရှိပါတယ်။ တကယ်တမ်းတော့ မဖြစ်စလောက် ပြဇာတ်ရုံလေးပါ။ သက်ဝင် လှုပ်ရှားမှု မရှိသလောက် ပဲ။


ခေါင်မိုးကလည်း ပေါက်နေတော့ မိုးရာသီဆိုရင် မိုးယိုတဲ့ ပြဇာတ်ရုံ လေးပေါ့။

Air con လည်းမရှိ ။ ပန်ကာ တော့တပ် ထားပါတယ် ၊ ဒါပေမယ့် မီးအမြဲပျက်နေတော့ ပန်ကာတွေကလည်း မလည်နိုင် ။ အဲဒီတော့ နွေရာသီဆိုရင် အရမ်း ပူအိုက်တော့တာပဲ။


အဲဒီလို စုတ်စုတ်ပျက်ပျက် ပြဇာတ်ရုံလေး တစ်ရုံ ကို ကျွန်တော် ပိုင်ဆိုင် ပါတယ်။


ပြဇာတ်ရုံ လေးမှာ က ပြတဲ့ ဇာတ်လမ်း ဇာတ်ကွက်တွေ မှာ ဘယ်တော့မှ မင်းသား၊ မင်းသမီး

မပါ ပါဘူး။ အမြဲတမ်း သူရဲကောင်းတွေကို ပဲ ဇာတ်လိုက် ထားတယ်။


ဇာတ်လမ်းတွေကို တော့ ကျွန်တော် ကိုယ်တိုင် ရေးသားပါတယ်။ “ချစ်၊ ခင် ၊ ကြိုက် ၊ မုန်း ၊ သနား ၊ ကွဲ ၊ ညား ” ဆိုတဲ့ ဇာတ်လမ်း တွေကို မရေး ပါ ။ ပေးဆပ် စွန့်လွှတ် တဲ့ သူရဲကောင်းတို့ ရဲ့ နှလုံး လှလှ တွေ အကြောင်းသာ ကျွန်တော် ရေးသားပါတယ် ။


အဲဒီ လို ပြဇာတ် ရုံလေး အတွက် လက်မှတ် က တော့ အခမဲ့ ပါ။


အစ ပိုင်း ကတော့ လူတွေက ပိုက်ဆံ မပေးရတဲ့ ပြဇာတ်ရုံ ဆိုပြီး လာပြီးကြည့်ကြသေးတယ်။

ဒါပေမယ့် ဇာတ်လမ်းမပြီး ခင် ထထ ပြီးပြန်ကြတာ ချည်းပဲ ။ ဘယ်သူမှ ပြီးအောင်မကြည့်ချင်ကြဘူး။ ပျင်းရိငြီးငွေ့ ဖွယ် ကောင်းလို့တဲ့ ။

သူတို့က ပေးဆပ်သူ မလုပ်ချင် ကြဘူး ၊ ရယူပိုင်ဆိုင်သူ သာ လုပ်ချင်ကြတယ်တဲ့ ။


ကျွန်တော် ငယ်ငယ် ကတည်းက “ လက်ဆောင် ယူတဲ့သူ မလုပ်ချင်ဘူး ၊ လက်ဆောင် ပေးတဲ့သူ ပဲ လုပ်ချင်တယ်” လို့ အဖေ့ကို ပြောပြဖူး တယ်။


ကျွန်တော် ခံယူထားတာက အနစ်နာခံ ပေးဆပ်ခြင်းဟာ “မွန်မြတ်” တယ်ပေါ့။


ဒါပေမယ့် ပွဲ ကြည့် ပရိတ်သတ် ခံယူထားတာက အနစ်နာခံ ပေးဆပ်တဲ့ သူရဲကောင်း ဆိုတာ “ရူးလို့ အ လို့ ၊ လူရည် မလည်လို့ ၊ အခွင့်အရေးကို ဖန်တီး မယူတတ်လို့”တဲ့ ။

“လူဆိုတာ ကိုယ့်ကောင်းကျိုးအတွက် ကိုယ် လုပ်ယူတတ် ရတယ်၊ ကိုယ့်ကို ကိုယ် ချမ်းသာ အောင်ကြံဆောင်တတ်ရတယ်။ ကိုယ့်အကျိုး အတွက်ဆိုရင် ဘယ်လို ခလုတ်ကန်သင်း ပဲ ဖြစ်ဖြစ် ရှင်းပစ် ဖို့ ၀န်မလေးရဘူး ” တဲ့။

ဒီလို လုပ်တတ်မှ အရည်အချင်းရှိတဲ့ သူ တဲ့ ။


သြော်……… သူတို့ က ဒီလို ခံယူတာ လေ။


ကျွန်တော်နဲ့ ပွဲကြည့်သူတွေကြားမှာ ညှိမရအောင် ကွဲပြားနေတော့ ကျွန်တော့် ဇာတ်လမ်းတွေကို ဘယ်သူကမှ ပြီးအောင်မကြည့်ကြဘူး ဗျာ။


ကျွန်တော်က တော့ သူရဲကောင်းတွေ ရဲ့ ရဲဝံ့မှု ၊ စွန်လွှတ် အနစ်အနာ ခံမှု ၊ ကိုယ်ကျိုးစွန့် ကြိုးပမ်း ခဲ့တဲ့အကြောင်းတွေပဲ ဆက်ရေးနေခဲ့တယ် ။

ဘယ်သူက မှ မကြည့်တော့ ကပြဖျော်ဖြေ လို့တော့ မရသေးဘူးပေါ့။


ကျွန်တော့်ရဲ့ အခမဲ့ လက်မှတ် အရောင်းဌာန လေးကလည်း အရောင်းထိုင်းနေ ခဲ့တယ်။


မွန်မြတ်တဲ့ လုပ်ရပ် တွေကို ပရိသတ် လက်ခံ လာနိုင်တဲ့ တစ်နေ့ …… ကျွန်တော့်ရဲ့ ပြဇာတ်ရုံ လေး မှာ သူရဲကောင်းတွေ ကပြဖျော်ဖြေ နိုင်ပါလိမ့်မယ် ။

Thursday, January 1, 2009

ကျွန်တော့် အတွက် နံပြား တစ်ချပ်

ကျွန်တော် နံပြား ကြိုက်ပါ သည် ။
ကျွန်တော် စိတ်ကြည်နူး ခွင့်ရတိုင်း နံပြားကို စားပါသည်။ စိတ်ညစ် တဲ့ အခါမှာလည်းစားပါသည် ။

ကျွန်တော် ဆယ်တန်း ကျောင်းသားဘ၀ က ဘော်ဒါဆောင်မှာ နေရပါသည် ။ ဘော်ဒါ ဆောင် က တစ်ပါတ် တွင် ရှစ် ရက် လောက် ဟင်း မကောင်းတတ်ပါ ။ ဒါ့ကြောင့် ကျွန်တော် အပြင်က အစားအစာ တွေကိုပဲ စားရပါသည် ။ အပြင် မှာစား သည်ကလည်း ထွေထွေထူးထူး မဟုတ် နံပြား ကို သာ ထမင်းလို စားပါသည်။
မှတ်မှတ်ရရ ၊ ကျွန်တော့်ကို အဆောင်မှူးက “ မြန်မာ ပြည်မှာ ငါသိ သလောက် နံပြားကို ကြိုက်တာဆိုလို့ မင်းရယ် ၊ ဒိုးလုံးရယ် ၊ ဗိုလ်ချုပ်အောင်ဆန်းရယ် သုံးယောက် ပဲ တွေ့ဖူး တယ် ” လို့ နောက်ပြောင် သလိုလို နဲ့ ပြောဖူးပါသည် ။ သူ မပြောလည်း ကျွန်တော် ကြိုက်ပါသည် ။ သူပြောလည်း ကျွန်တော် ကြိုက်ပါသည် ။


ကျွန်တော် ငယ်ငယ် ( ၅ နှစ် အရွယ် လောက်) က အဖေ နဲ့ အတူ လက်ဖက်ရည်ဆိုင် ထိုင်ပါသည် ။ လက်ဖက်ရည် ဆိုင် က ပုံပန်းသွင်ပြင်အားဖြင့် ခြူချာလှပါသည် ။ နှုတ်ခမ်းပဲ့ နေသော ခွက်ဖြင့် လက်ဖက်ရည် ထည့်ထားပြီး ၊ အောက်နား တွင်လည်း ဂျီး များ စွန်းထင်းနေပါသည် ။ သည် လက်ဖက်ရည်ကို ကျွန်တော် သောက်ချင်စိတ်မရှိပါ ။ အဖေက လည်း “ သားသား လက်ဖက်ရည် သောက်လေကွာ ၊ အေးကုန်လိမ့်မယ် ” လို့ ပြောပါသည် ။


ဒါပေမဲ့ ကျွန်တော် မသောက်ပါ ။ “ အဖေပဲ ပြောတယ်လေ …. ၊ မသန့်ရှင်းတဲ့ခွက် နဲ့ထည့်ထားတာတွေ မစား မသောက်ရဘူးဆို ” လို့ ပြန်ပြီး မေးတော့ ၊ အဖေက “ သားသား မင်း ဂျီးမများ နဲ့ ဒါ အိမ်မဟုတ်ဘူး ကွ ” ဆိုပြီး လေသံမာမာ နဲ့ အော်ခဲ့ပါသည် ။


အဲဒီတုန်း က “ လူကြီးဆို တာ အခုတစ်မျိုး တော်ကြာတစ်မျိုး၊ သူတို့ စိတ်ကြိုက်လုပ် ပြီး ၊သူတို့ ပြောသမျှ ခေါင်း ညိတ် ခိုင်းတတ်ပါလား ” လို့ ကျွန်တော် ကလေး လို မြင်ခဲ့မိ ပါသည် ။


အဲဒီတုန်းက ကျွန်တော် လက်ဖက်ရည် မသောက်ခဲ့ပါ ။ နံပြားသာ ၀ယ် ကျွေးခိုင်းခဲ့ပါသည် ။ အဲဒီကတည်း က ကျွန်တော် နံပြား ကြိုက်ခဲ့ပါသည် ။

ကျွန်တော် ရှစ်တန်း လောက် က စိတ်ကူး ပေါက်လို့ သူငယ်ချင်းတွေနဲ့ အတူ လက်ဖက်ရည်ဆိုင် အတူထိုင်ဖူးပါသည် ။ ယောင်္ကျားလေးသူငယ်ချင်း ၊ မိန်းကလေးသူငယ်ချင်း အားလုံးပေါင်း ၆ ယောက်လောက် ထိုင်ပါသည် ။ အားလုံးက လက်ဖက်ရည် သောက်သလို ကျွန်တော်လည်း လက်ဖက်ရည် သောက်ခဲ့ပါသည် ။ ခွက် သန့်မသန့် သတိ မထားမိတော့ပါ ။ ယောင်္ကျားလေးသူငယ်ချင်း တွေကတော့ ကျွန်တော် နံပြားကြိုက်တတ် တာကို သိကြသည် ။ မိန်းကလေးသူငယ်ချင်းတွေက တော့ ကျွန်တော် နံပြား နှစ်နှစ်ခြိုက်ခြိုက်စား တာကို ရယ်တဲ့လူကရယ် ကြပြီး ပြောင်တဲ့လူကပြောင်ကြပါသည် ။



သြော် ……. သူတို့ ဘာလို့ရယ်ကြပါလိမ့် ? ။


သူတို့ ရယ်သည်ဖြစ်စေ ၊ ပြောင်သည်ဖြစ်စေ ကျွန်တော် နံပြားကို ဆက် စားပါသည် ။ ဆက်စားပါမည် ။

ဟို တစ်နေ့ညနေ ကတော့ ကျွန်တော် နဲ့ အစ်ကိုတစ်ယောက်( ဆွေမျိုးမတော်ပါ) နဲ့ လူစည်ကား တဲ့ လမ်းဘေးက ခပ်ညစ်ညစ် လက်ဖက်ရည်ဆိုင်မှာ ထိုင်ဖြစ်ကြပါသည် ။ အဲဒီအစ်ကို က လက်ဖက်ရည် နဲ့ ကြက်ဥ အကာကျက် တစ်လုံးမှာပါသည် ။ ကျွန်တော် ကလည်း လက်ဖက်ရည်နဲ့ နံပြား ပျော့ပျော့ တစ်ချပ် မှာ ပါသည် ။
ခဏ ကြာတော့ နှုတ်ခမ်းပဲ့ နေ သည့်အပြင် ၊ ဘေးတွင်လည်း အက် ကြောင်း အရာ ပါသော ခွက် ဖြင့် လက်ဖက်ရည် လာ ချပေးပါသည် ။ ဟို အကို ကတော့မသိ ၊ ကျွန်တော့် ကတော့ သတိထားမိ ပါသည် ။ သို့သော် ကျွန်တော် ဂျီး မများတော့ပါ ။ ခွက် ကို မသောက်ဘဲ ၊ ခွက်ထဲက လက်ဖက်ရည်ကို သောက် တတ် လာပါသည် ။
နံပြား လည်း စားဆဲ ပါ ။

ကိုဒိုးလုံး ရဲ့ သီချင်းထဲ က လို မနက်မိုးလင်းတိုင်း နံပြားလာပို့ တဲ့ မိန်းကလေး ရေ … !

ကျွန်တော့် အတွက် လည်း ပဲပြုတ် နဲ့ နံပြား နံနက် တိုင်း ပို့ပေးပါလားဗျာ !