ကျွန်တော် နံပြား ကြိုက်ပါ သည် ။
ကျွန်တော် စိတ်ကြည်နူး ခွင့်ရတိုင်း နံပြားကို စားပါသည်။ စိတ်ညစ် တဲ့ အခါမှာလည်းစားပါသည် ။
ကျွန်တော် ဆယ်တန်း ကျောင်းသားဘ၀ က ဘော်ဒါဆောင်မှာ နေရပါသည် ။ ဘော်ဒါ ဆောင် က တစ်ပါတ် တွင် ရှစ် ရက် လောက် ဟင်း မကောင်းတတ်ပါ ။ ဒါ့ကြောင့် ကျွန်တော် အပြင်က အစားအစာ တွေကိုပဲ စားရပါသည် ။ အပြင် မှာစား သည်ကလည်း ထွေထွေထူးထူး မဟုတ် နံပြား ကို သာ ထမင်းလို စားပါသည်။
မှတ်မှတ်ရရ ၊ ကျွန်တော့်ကို အဆောင်မှူးက “ မြန်မာ ပြည်မှာ ငါသိ သလောက် နံပြားကို ကြိုက်တာဆိုလို့ မင်းရယ် ၊ ဒိုးလုံးရယ် ၊ ဗိုလ်ချုပ်အောင်ဆန်းရယ် သုံးယောက် ပဲ တွေ့ဖူး တယ် ” လို့ နောက်ပြောင် သလိုလို နဲ့ ပြောဖူးပါသည် ။ သူ မပြောလည်း ကျွန်တော် ကြိုက်ပါသည် ။ သူပြောလည်း ကျွန်တော် ကြိုက်ပါသည် ။
ကျွန်တော် ငယ်ငယ် ( ၅ နှစ် အရွယ် လောက်) က အဖေ နဲ့ အတူ လက်ဖက်ရည်ဆိုင် ထိုင်ပါသည် ။ လက်ဖက်ရည် ဆိုင် က ပုံပန်းသွင်ပြင်အားဖြင့် ခြူချာလှပါသည် ။ နှုတ်ခမ်းပဲ့ နေသော ခွက်ဖြင့် လက်ဖက်ရည် ထည့်ထားပြီး ၊ အောက်နား တွင်လည်း ဂျီး များ စွန်းထင်းနေပါသည် ။ သည် လက်ဖက်ရည်ကို ကျွန်တော် သောက်ချင်စိတ်မရှိပါ ။ အဖေက လည်း “ သားသား လက်ဖက်ရည် သောက်လေကွာ ၊ အေးကုန်လိမ့်မယ် ” လို့ ပြောပါသည် ။
ဒါပေမဲ့ ကျွန်တော် မသောက်ပါ ။ “ အဖေပဲ ပြောတယ်လေ …. ၊ မသန့်ရှင်းတဲ့ခွက် နဲ့ထည့်ထားတာတွေ မစား မသောက်ရဘူးဆို ” လို့ ပြန်ပြီး မေးတော့ ၊ အဖေက “ သားသား မင်း ဂျီးမများ နဲ့ ဒါ အိမ်မဟုတ်ဘူး ကွ ” ဆိုပြီး လေသံမာမာ နဲ့ အော်ခဲ့ပါသည် ။
အဲဒီတုန်း က “ လူကြီးဆို တာ အခုတစ်မျိုး တော်ကြာတစ်မျိုး၊ သူတို့ စိတ်ကြိုက်လုပ် ပြီး ၊သူတို့ ပြောသမျှ ခေါင်း ညိတ် ခိုင်းတတ်ပါလား ” လို့ ကျွန်တော် ကလေး လို မြင်ခဲ့မိ ပါသည် ။
အဲဒီတုန်းက ကျွန်တော် လက်ဖက်ရည် မသောက်ခဲ့ပါ ။ နံပြားသာ ၀ယ် ကျွေးခိုင်းခဲ့ပါသည် ။ အဲဒီကတည်း က ကျွန်တော် နံပြား ကြိုက်ခဲ့ပါသည် ။
ကျွန်တော် ရှစ်တန်း လောက် က စိတ်ကူး ပေါက်လို့ သူငယ်ချင်းတွေနဲ့ အတူ လက်ဖက်ရည်ဆိုင် အတူထိုင်ဖူးပါသည် ။ ယောင်္ကျားလေးသူငယ်ချင်း ၊ မိန်းကလေးသူငယ်ချင်း အားလုံးပေါင်း ၆ ယောက်လောက် ထိုင်ပါသည် ။ အားလုံးက လက်ဖက်ရည် သောက်သလို ကျွန်တော်လည်း လက်ဖက်ရည် သောက်ခဲ့ပါသည် ။ ခွက် သန့်မသန့် သတိ မထားမိတော့ပါ ။ ယောင်္ကျားလေးသူငယ်ချင်း တွေကတော့ ကျွန်တော် နံပြားကြိုက်တတ် တာကို သိကြသည် ။ မိန်းကလေးသူငယ်ချင်းတွေက တော့ ကျွန်တော် နံပြား နှစ်နှစ်ခြိုက်ခြိုက်စား တာကို ရယ်တဲ့လူကရယ် ကြပြီး ပြောင်တဲ့လူကပြောင်ကြပါသည် ။
သြော် ……. သူတို့ ဘာလို့ရယ်ကြပါလိမ့် ? ။
သူတို့ ရယ်သည်ဖြစ်စေ ၊ ပြောင်သည်ဖြစ်စေ ကျွန်တော် နံပြားကို ဆက် စားပါသည် ။ ဆက်စားပါမည် ။
ဟို တစ်နေ့ညနေ ကတော့ ကျွန်တော် နဲ့ အစ်ကိုတစ်ယောက်( ဆွေမျိုးမတော်ပါ) နဲ့ လူစည်ကား တဲ့ လမ်းဘေးက ခပ်ညစ်ညစ် လက်ဖက်ရည်ဆိုင်မှာ ထိုင်ဖြစ်ကြပါသည် ။ အဲဒီအစ်ကို က လက်ဖက်ရည် နဲ့ ကြက်ဥ အကာကျက် တစ်လုံးမှာပါသည် ။ ကျွန်တော် ကလည်း လက်ဖက်ရည်နဲ့ နံပြား ပျော့ပျော့ တစ်ချပ် မှာ ပါသည် ။
ခဏ ကြာတော့ နှုတ်ခမ်းပဲ့ နေ သည့်အပြင် ၊ ဘေးတွင်လည်း အက် ကြောင်း အရာ ပါသော ခွက် ဖြင့် လက်ဖက်ရည် လာ ချပေးပါသည် ။ ဟို အကို ကတော့မသိ ၊ ကျွန်တော့် ကတော့ သတိထားမိ ပါသည် ။ သို့သော် ကျွန်တော် ဂျီး မများတော့ပါ ။ ခွက် ကို မသောက်ဘဲ ၊ ခွက်ထဲက လက်ဖက်ရည်ကို သောက် တတ် လာပါသည် ။
နံပြား လည်း စားဆဲ ပါ ။
ကိုဒိုးလုံး ရဲ့ သီချင်းထဲ က လို မနက်မိုးလင်းတိုင်း နံပြားလာပို့ တဲ့ မိန်းကလေး ရေ … !
ကျွန်တော့် အတွက် လည်း ပဲပြုတ် နဲ့ နံပြား နံနက် တိုင်း ပို့ပေးပါလားဗျာ !
Thursday, January 1, 2009
Subscribe to:
Post Comments (Atom)
8 comments:
သူပြောတာနဲ့ ဘယ်တုန်းကမှ မကြိုက်တဲ့ နံပြားတောင် စားချင်လာသလိုလို
ပြောင်ပြောင် ရယ်ရယ် ပြောပြောမပြောပြော နံပြားဆက်စားပါမည်ဆိုတဲ့ အတွေးနဲ့အရေးလေး အရမ်းကြိုက်တယ်
ရိုးသားတဲ့ခံယူချက်တစ်ခုကို ရိုးသားစွာဆုပ်ကိုင်ထားမည်ဆိုတဲ့ သဘောပေါ့ ကောင်းတယ်
စိတ်ကြည်နူးတိုင်း နံပြားစား၊ စိတ်ညစ်တိုင်း နံပြားစား လို့ရေးထားတော့ နံပြားက ဘ၀မှာ တော်တော်အရေးပါတဲ့နေရာကိုယူထားတာပဲ....
စိတ်ညစ်လို့ အရက်သောက်၊ စိတ်ပျော်လို့ အရက်သောက်နဲ့ စာရင် ကောင်းလေစွ...
အဲ့လောက်တောင်ကြိုက်တာလား ညီရေ့ ဒါလည်း ထူးခြားမှုတစ်မျိုးလေးပေါ့ ငါတော့ကြိုက်ဘူး အရသာမရှိသလိုကြီးး ဖြစ်လို့။ ဒီတစ်ခါ လူကြုံရှိရင် ယ က နံပြားပို့လိုက်မယ်နော့်း) စားမလား ၀ါးမလား အစားအစာ ၀ါးစားပါ ။
ငါ့ မောင်က တစ်နံထံနံ တစ်ပြားထဲပြားနေတော့ 
အစ်မတော်တောင် နံပြားစားချင်သလိုလိုဖြစ်လာတယ်
အခုဗိုက်ဆာလာပြီ
နံပြားစားမယ်
အခုချက်ချင်းလာပို့ ရင်ပို့  မပို့ ရင်
အော်ငိုမှာနော်
အစ်မတော်
ပန်းခင်းလေး
မောင်လေး စကားထာတစ်ခုရှိတယ်လေ ကြားဖူးတယ်မလား။သူ့ကို အပူထဲထည့်တယ်ဆိုလား ပြန်ထွက်လာတော့ ဘုတွေ၊အထစ်တွေနဲ့ဆိုတာလေ..။နံပြားကို ဖွက်တဲ့စကားထာလေ။(မှားကောင်းမှားမယ်ထင်တယ် ဆိုလိုရင်းကို ပြောချင်တာပါ)
အစ်မလဲ နံပြားကြိုက်တယ်။ပဲပြုတ်များများနဲ့ဆို ပိုကြိုက်တယ်။
အော်..ဒါနဲ့ ဒိုးလုံးကြိုက်တာလား။ဒါဆို ငါနဲ့ တော်တော်ပေါင်းလို့ရပြီ။:)
အား ဖတ်နေရင်းက ပဲပြုတ်နံပြား စားချင်လာပြီ။ မတွေ.တာကြာတော့ လွမ်းလိုက်တာ နံပြားပူပူ ကြွပ်ကြွပ်လေးရယ် ၊ ပဲပြုတ်ဆီရွှဲရွှဲလေး ဆမ်းထားတာရယ်၊ အဟီး နောက်ဆို လက်ဖက်ရည်ဆိုင်တူတူထိုင်ပြီး အမှန်အကန် အားပေးကြတာပေါ့ကွာ။
မောင်ရှင်းသန့်ကောင်းမှုကြောင့် ဒီမနက် NTUC က
နံပြားနှင့် ရေခဲထားသော ပဲပြုတ်စားပါသည်။
ဂျုံပြားကြီးနှင့် ပဲလုံးမာမာစားရသကဲ့သို့ဖြစ်ပြီး တော်တော်စိတ်လေသွားပါသည်။
အင်း ပဲပြုတ်နံပြား စားချင်တယ်....
နံပြားကြိုက်တာ ဘာလို့ရယ်ကြတာလဲ... နားမလည်ဘူး။ ရယ်စရာမှမပါတာပဲ... ??
Post a Comment