ဟုတ်တာပေါ့.. ။
ကျွန်တော်လဲ မကြာခဏ ပြောပါတယ်။
လက်ဖက်ရည်ဆိုင်ထိုင်ကြတာက လက်ဖက်ရည်သောက်ဖို့အတွက်ပဲ မှမဟုတ်တာ။
သူငယ်ချင်းတွေနဲ့ ထွေရာလေးပါး စကားပြောဖို့အတွက် လက်ဖက်ရည်ကျကျ တခွက်ကို အမြည်းသဘောမျိုးနဲ့ သောက်ခဲ့တာပဲ။ ဒီလိုနဲ့ ကျွန်တော်အတွက် လက်ဖက်ရည်ဆိုင်က ပြန်ပြောစရာတွေ အများကြီးဖြစ်လာရတယ်။
လက်ဖက်ရည်ဆိုင် ထိုင်ရင်း အိမ်ပြန်ညဥ့်နက်ရတဲ့ ညတွေက ပိုပြီးကျေနပ်ဖို့ကောင်းတယ်။ တခါတခါ စကားပြောရတာ အပေးအယူမမျှရင် ဒါမှမဟုတ် မနူးမနပ်စကားတွေ ကို လက်ခံပြောနေရရင် လက်ဖက်ရည်ဆိုင်မှာ ထိုင်နေရတဲ့ အချိန်တွေက သိပ်ပြီးပျင်းဖို့ကောင်းတယ်။
ကျွန်တော့်မှာ တာဝန်တခုအနေနဲ့ အရေးတကြီး လုပ်စရာအလုပ်မရှိခဲ့တာ အတော်ကြာခဲ့ပြီ။ ဒါကြောင့်ပဲ တခြားသူတွေ မရနိုင်တဲ့ အခွင့်အရေးတချို့ ကျွန်တော့်မှာရှိခဲ့တာပေါ့။ မနက်မိုးလင်း ကစပြီး ကိုယ်လိုဘ၀တူ သူငယ်ချင်းနဲ့ စကားတွေချွေလိုက်ကြတာ ညမိုးချုပ်အထိပါပဲ ဆိုတာက ကျွန်တော့်ဘ၀ ဖြစ်စဉ်တွေထဲမှာ တော်တော်များများရှိခဲ့တာပဲ။ ဒီလိုနေ့မျိုးဆိုရင် ရေနွေးကြမ်း ခုနစ်အိုး လောက်ကုန်ပြီး ဆိုင်ရှင်ကျွေးတဲ့ ထမင်းကို ကပ်စားကြတယ်။
နောက်ပိုင်းတော့ ကျွန်တော့်ရဲ့ လက်ဖက်ရည်ဆိုင်ထိုင်တဲ့ အခြေအနေပြောင်းလဲသွားခဲ့တယ်။ ကျောင်းတဖက် နဲ့ ဆိုတော့ အရင်က အပေါင်းအသင်းတွေနဲ့လဲ ဝေး ၊ လက်ဖက်ရည်ဆိုင် ထိုင်ရတဲ့အချိန်တွေကလဲ အကန့်အသတ် ဖြစ်လာတယ်။ ဒါပေမယ့် တောင်ပေါ်ညနေခင်း တွေမှာ လမ်းလျှောက်ပြီး တခုတည်းသော လက်ဖက်ရည်ဆိုင်ရှိရာကို သွားရတာက မတူခြားနားတဲ့ အရသာတခုဖြစ်လာခဲ့တယ်။
ရန်ကုန်က လက်ဖက်ရည်သောက် ညနေခင်း တွေကိုတော့ အခုထိ မက်မောဆဲ။ ရွှေ ၊ ပလန်းနက် ၊ လက်ကီးဆဲဗင်း ၊ အိုင်တီ ၊ စိတ်ကြိုက်ကောင်းကောင်း ၊ ကုလားဘုရားကျောင်း ရှေ့ က ပလပ်ဖေါင်းဆိုင်၊ နောက် ရန်ကုန်တက္ကသိုလ်ထဲက အန်တီဝင်းရဲ့ဆိုင် .... ။ ဒီဆိုင်တွေက ကျွန်တော်တို့ ရဲ့ အလုပ်ရုံဆွေးနွေးပွဲ လုပ်ရာ နေရာတွေပဲ လို့ ပြောရင် မမှားနိုင်။ ကျွန်တော့်အတွက်တော့ အလုပ်လို့ ပြောလို့ရတဲ့ ,ဘာမဟုတ်တဲ့အကြောင်းတွေကို အရေးကြီးခွင်ကျယ် ပြောနေခဲ့မိတာပါပဲ။ ကျွန်တော်တို့ အဖြစ်ကတော့ စာအုပ်လေး ဆယ်ဂဏန်းကျော်ကျော်ဖတ် ပြီး စာပေအကြောင်းဆွေးနွေးကြသတဲ့ ၊ကြားဖူးနားဝ သဘောတရားရေးရာတွေ ငြင်းခုန်ကြသတဲ့၊ အင်တာနက်ကနေ ပုံမှန်တက်နေတဲ့ သတင်းတွေဖတ်ပြီး နိုင်ငံရေးအကြောင်း ပြောကြသတဲ့ ၊ မိဘမဲ့ကလေးတွေ ရဲ့ ပညာရေး အတွက် ဆိုပြီး တနင်္ဂနွေနေ့တိုင်း ပျော်ပွဲစားဆန်ဆန် ပရဟိတလုပ်ငန်းတွေကို အစီအစဉ်ချကြသတဲ့ ၊ အနာဂါတ်ကာလ မှာ တည်ထောင်လိုတဲ့ လိုက်ဘရီကြီး တခု အကြောင်း အိမ်မက် မက်ကြသတဲ့။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်ဆိုတဲ့ကောင် ကလဲ ဒီလိုအချိန်တွေကိုမှ သာယာနေမိခဲ့တယ်။ စမ်းချောင်းထဲက ပလန်းနက်မှာ ထိုင်ရတဲ့ ညနေတွေက ဘ၀မှာ အတမ်းတဆုံး ဖြစ်နေပြီ ထင်ပါရဲ့။
ညနေရောက်တိုင်း ဖုန်း နဲ့ အချိန်းအချက် လုပ်ပြီး စုရပ်ဖြစ်တဲ့ ပလန်းနက်ကိုလာကြတယ်။ ဒီဆိုင်လေးက စားသောက်စရာ ဘာမှများများစားစား မရှိ။ ကျွန်တော်တို့ ကြိုက်တဲ့ လက်ဖက်ရည်ကျကျ နဲ့ ရူဘီ တော့ ရနိုင်လေရဲ့။
လူစုံလို့ စကားပြောကြတဲ့အခါ ဘောလုံးပွဲအကြောင်းကလွဲရင် ကျန်တာအားလုံး ကျွန်တော် ၀င်ပြောခွင့်ရှိတယ်။ တခါတရံ ကျွန်တော်တို့ စကားဝိုင်းက အသံတိတ် ကြပြီဆိုရင် ဆေးလိပ်တချက်ရှိုက်လိုက်တိုင်း မီးတဖျစ်ဖျစ်မြည်သံတောင် ကြားရတယ်။ စာအုပ်တွေအကြောင်း ပြောကြရင်တော့ ထမင်းမေ့ ဟင်းမေ့.. ။ မ၀ယ်နိုင်သေးတဲ့ စာအုပ်တွေကို တမ်းတရင်း.. ရှိပြီးသား စာအုပ်တွေကို ချီးမွမ်းခန်းဖွင့်ရင်း.. တာရာမင်းဝေကို လွမ်းရင်း.. (ဆရာ)သိန်းဖေမြင့်တို့ (ဆရာ)အောင်ပြည့်တို့ (ဆရာ)နတ်နွယ်တို့ (ဆရာ)မင်းလူတို့ ရေးပြတဲ့ တက္ကသိုလ်ကျောင်းသားဘ၀တွေ ကိုလွမ်းရင်း..။
တိကျသေချာတဲ့ ပုံစံတခု သို့မဟုတ် ဘ၀ရပ်တည်ချက် သို့မဟုတ် အလုပ်တာဝန် တခု မရှိဘဲ ဖြတ်သန်းခဲ့ရတဲ့ လက်ဖက်ရည်သောက် ညနေခင်းတွေကတော့ တွယ်တာမက်မောဖွယ်ကောင်းဆဲ.. ။ အမှတ်ရဆဲ.. ။ ။
Wednesday, September 14, 2011
Subscribe to:
Post Comments (Atom)
No comments:
Post a Comment