Sunday, April 8, 2012

“ဆံချည်မျှင် တမ်းတမှု”

နင် ပြေးနိုင်သလောက်ပြေး
ငါလဲ ဝေးနိုင်သလောက်ဝေးမယ်။

ခန္ဓာရွေ့လျားသော်လည်း၊
နေရာမရွေ့လျားသော ပြေးခြင်းမျိုးနဲ့
အဆက်မပျက် ပြေးနေခဲ့ပြီ။

မနက်ဆို ပိတောက်ရွက်ကြွေတွေကို
တံမြတ်စည်းလှည်းနေတာ သူမအဖြစ်မြင်နေခဲ့။

တကယ်တော့ ငါ့ရဲ့ ပစ္စုပ္ပန်မှာ
သေဆုံးသွားတဲ့ နင်က
အတိတ်ကို အာဏာသိမ်းခဲ့ခြင်းပဲ။

ငါးမျှားချိတ်ကို အသုံးပြုပြီး
ငါ့ကို ငါ မျှားနေမိပေါ့။
ချိတ်တန်းလန်းနဲ့ ငါက
“မိပြီကွ”လို့ အော်လိုက်သေးရဲ့။

အခုအချိန်အထိ သူမက
ရမ် တပတ်စာလောက် သွေးလည်ပတ်စေတယ်။

"အရွေ့ သုည ရှိသော စာတစောင် ပျံသန်းခြင်း"

မိတင်… ဒါ နင့်ဆီကို ရေးလိုက်တဲ့စာမဟုတ်ပေမယ့် အကြောင်းကြောင်းကြောင့် အင်တာနက်မှာ ရှာတွေ့ခဲ့ရင် အပျင်းပြေတော့ ဖတ်စေချင်ပါတယ်။

မိတင်ရေ.. တကယ်တော့ ငါ့အကြောင်းကို လဲနင်မသိသလို ၊ နင့်အကြောင်းကိုလဲ ငါမသိပါဘူး။ ဒါပေမယ့် နင်က ငါ့ရဲ့ အသိအမှတ်ပြုခြင်းကို ခံရတဲ့ မိန်းကလေးတယောက်ဖြစ်ကြောင်းကိုတော့ နင်သိထားသင့်တယ်။
ငါကတော့ ငါ့ဘ၀ကို ငါပျော်တယ် ထင်သလို ဖန်တီးနေထိုင်တယ်။ ဖန်တီးရတဲ့အကြောင်းအရင်းကတော့ နဂိုဘ၀ ဟာ ပျော်ဖို့မကောင်းလို့ပေါ့ကွယ်။ ငါ့ဘ၀ ကို သဘာဝရဲ့ ဖြစ်စဉ်အတိုင်း ဖြတ်သန်းနေထိုင်လိုက်ဖို့ ငါ့မှာ သတ္တိမရှိသေးဘူး။ တကယ်ပါ.. ငါကိုယ်တိုင် အကြီးမားဆုံး ပြုပြင်ဖန်တီးထားတဲ့ အရာက ငါ့ဘ၀ပါ။

ငါ ပိုက်ဆံရှိတဲ့အခါ ဘီယာသောက်တယ်။ ပိုက်ဆံမရှိတဲ့အခါ အရက်သောက်တယ်။ ဆေးလိပ်ကို ပိုပိုပြီး စွဲလမ်းတတ်လာတယ်။ မူးယစ်ရီဝေခြင်းက ငါ့ကိုယ်ငါ နေသားတကျဖြစ်စေတယ်။ ဒီအရာတွေ မရှိတော့ရင် ငါ့ဘ၀ကို ဘယ်လိုဖြတ်သန်းရမလဲ လို့ စဉ်းစားလိုက်တိုင်း အသက်ရှင်ရမှာ ကြောက်လာတယ်။
ဟုတ်တယ် မိတင်… မူးယစ်ရီဝေခြင်းက ငါ့ရဲ့ အထီးကျန်မှုကို ပြေလျော့နှစ်သိမ့်စေတယ်။ ဆင်ခြင်တုံတရားကို ခိုင်မာစေတယ် လို့ ငါယူဆတယ်။

ဒါပေမယ့် အချိန်တွေကြာလာတာနဲ့ အမျှ ငါဟာ တယောက်ထဲ နေဖို့ သတ္တိတွေရှိလာတယ်။ တကယ်တမ်း နင့်ကို သတိရတဲ့အချိန်ဆိုတာ နေ့တနေ့ရဲ့ ရှစ်ပုံ ပုံ တပုံ တောင်ရှိပါ့မလား မသိဘူး။ ဒီလိုပြောရင် နင်စိတ်ဆိုးမလား။ မဆိုးလေနဲ့ မိတင်… ငါက နေ့ကို ရှစ်နာရီလောက်အိပ်တယ်.. ၊ နှစ် နာရီ သုံးနာရီလောက် အင်တာနက်သုံးတယ်… ၊ သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်ရင် သုံးနာရီလောက် ကြာတယ်.. ၊ ကြိုကြား ကြိုကြား စာဖတ်တဲ့အချိန်လေး တွေရှိတယ်.. ၊ ပိုက်ဆံမရတဲ့ အလုပ်ကလေးတွေ လုပ်ရတာရှိသေးတယ်.. ၊ တွေးရ ငေးရတဲ့ အချိန်လေးတွေရှိသေးတယ်.. ။ တကယ်တော့ ငါဟာ အားလပ်ချိန် များများ ရှိတဲ့လူတယောက်တော့မဟုတ်ဘူး။ ဒါပေမယ့် နင်ကြည့်ဘူးတဲ့ ရုပ်ရှင်တွေထဲကလို အလုပ်တွေ ရှုပ်နေတဲ့ကောင် လဲမဟုတ်ဘူး။ ငါဘ၀ဟာ ပေါ့ပေါ့ပါးပါး ပဲ။ ဒီလိုအချိန်တွေထဲက နင့်အတွက် သုံးနာရီလောက် သတိရတယ်ဆိုတော့ နင် ကံကောင်းပါတယ်ဟာ.. ။

မိတင်.. ကျောင်းမှာ နင့်ကို ငါ ဘာကြောင့်သတိထားမိသလဲဆို ပြောပြဖို့လိုမယ်ထင်တယ်။ နင်ဟာ သာမန် မိန်းကလေးပါ။ တော်ယုံတန်ယုံ မိန်းကလေးကိုတောင် အသေအလဲ လိုက်ကြိုက်နေကြတဲ့ ကျောင်းက ကောင်တွေက နင့်ကိုသတိမထားမိကြဘူးမဟုတ်လား.. ။ ဒါပေမယ့် နင့်စိတ်ရဲ့ လှိုင်းတွေကိုပဲ ဖမ်းယူမိလို့လားမသိဘူး။ နင်ဟာ ငါသတိထား စောင့်ကြည့်ခဲ့ရတဲ့ မိန်းကလေးဖြစ်လာခဲ့တယ်။ နင့်မျက်နှာ မှာ ရိုးသားမှုကိုတွေ့ရတယ်..၊ တစုံတခုကို ဖုံးကွယ်နေတဲ့ပုံ မပေါ်ဘူး။ မျက်နှာတည်လွန်းတယ်လို့ ထင်ရပေမယ့် အနက်ရှိုင်းဆုံးမှာ နူးညံ့မှုကို တွေ့နိုင်တယ်။ ငါ နင့်ဆီက တပ်မက်တာ အဲဒီလောက်ပါပဲ..။
ဒါပေမယ့် နင်က ဂျေးမီကို အားကျလို့ ဘောင်းဘီ တဖက်ခေါက်ဝက်တယ် ဆိုသလားပဲ။ ဘာကြောင့်လဲတော့ မသိဘူး အဲဒီလို အူကြောင်ကြောင် လုပ်ရပ်ကို ငါ ခွင့်လွှတ်နိုင်ခဲ့တယ်။ အေးလေ.. ငါ့အကိုတယောက်ပြောသလိုပေါ့.. ငါတောင် ချေဂွေဗားရား အင်္ကျီဝတ်ချင်သေးတာပဲ။

မိတင်… နင် က သတိထားမိသလားတော့မသိဘူး။ နောက်ပိုင်း နင့်ကို ငါ စကားလေး တခွန်းစ နှစ်ခွန်းစ ပြောတာတောင် နင်က ပြေပြေလည်လည်ပြန်မပြောခဲ့ဘူး။ သေချာတာ တခုက ငါနင့်ကို သဘောကျတယ်ဆိုတာကို နင် မသိခဲ့ပါဘူး။ ငါကလဲ နင်သိအောင် မကြိုးစားခဲ့မိဘူး။ ကျောင်းက ပို့တဲ့ အီးမေးလ်တွေထဲမှာ နင့် လိပ်စာကို ငါရှာတွေ့ခဲ့တယ်။ ဂျီတော့ခ်မှာ အင်ဗိုက်လုပ်ဖို့ တော်တော်လေး တွေဝေခဲ့ရတယ်..။ ဟုတ်တယ်.. “ဘာကြောင့် ငါ့ကို အင်ဗိုက်တာလဲ” လို့ နင်က မေးရင် ငါ ဘယ်လိုဖြေရမှန်းမသိဘူး။ ဒါပေမယ့် ငါ အင်ဗိုက် ခဲ့တယ် ၊ နင် လက်မခံခဲ့ဘူး။ နင် လက်ခံခဲ့တယ် ပဲထားဦး၊ ဘယ်လိုအကြောင်းတွေ ပြောရမလဲဆို ငါ အခုအချိန်အထိ စဉ်းစားလို့မရသေးဘူး။ နောက်ပြီး အခါအခွင့် သင့်လို့များ ငါနင့်ကို သဘောကျတဲ့အကြောင်း နင်သိသွားတယ်ဆိုပါစို့။ နင့်ဘက်က တုံ့ပြန်မှု ကို မစဉ်းစားဝံ့ဘူး။ ဘာကြောင့်လဲဆိုတော့ နင်ဟာ ငါ့ရဲ့ စိတ်ရွှေ့လျားမှုထဲမှာ နေတယ်။ သူ့ အစီအစဉ်နဲ့သူ ရွှေ့လျားနေတဲ့ ငါ့စိတ်အစဉ်ဟာ အခြေအနေတခုပျက်ပြားသွားမှာ မလိုလားလို့ပဲ..။

တခါတခါတော့လဲ နင်လိုမိန်းကလေးမျိုး ငါ့အနားမှာရှိနေစေချင်တယ်။ ငါလည်း မေတ္တာတရားရဲ့ သဘောထားကို နားလည်ပါတယ်။ ငါဟာ တွေဝေတတ်တယ်ဆိုတာ ငါသိပါတယ်။ ငါအခု ပြောခဲ့တာတွေထဲမှာ လိမ်ညာမှု မပါသလို၊ ငါပြောချင်တာတွေလဲ မကုန်သေးဘူး။ နင့်ကိုချစ်ခွင့်တောင်းတဲ့ ရည်းစားစာလဲမဟုတ်ဘူး။ ငါက အမြဲတမ်းရွှေ့လျားပြောင်းလဲနေတတ်တဲ့ သတ္တ၀ါဆိုတော့ နင်မဟုတ်တဲ့ တခြားတယောက်နဲ့ လည်း ဆုံနိုင်တာပဲ။ ဒါပေမယ့် ဒီစာကိုရေးရတဲ့ ရည်ရွယ်ချက်က နင့်ရဲ့ ရိုးသားမှု၊ ပွင့်လင်းမှုတွေမှာရှိတဲ့ အလှ၊ နက်ရှိုင်းတဲ့ နူးညံ့မှု နဲ့ ချွတ်စပ်စပ် စိတ်ဓါတ်တွေကို အသိအမှတ်ပြုတဲ့ လူတယောက်ရှိကြောင်း သိစေချင်လို့ပဲ..။

Saturday, April 7, 2012

“မိုးစိုနေသော မှိုင်းခံစက္ကူများ”

၁။ နောင်တ
အသံဖြစ်ပေါ်ဖို့ အတွက်
တုန်ခါမှု လိုအပ်သတဲ့
ဒါဆို.. သူမဟာ..
ကျွန်တော် မတီးခတ်ခဲ့မိတဲ့ ဂစ်တာ။

၂။ ဆေးလိပ်သောက်ခြင်း
မီးညှိလိုက် ရုံနဲ့
မီးခိုးထွက်တာတော့ မဟုတ်ဘူး။
ခပ်ပြင်းပြင်း ဖွာရှိုက်မှုဟာ
အားထုတ်မှု တခုပေါ့။

၃။ အတိုင်းအတာ ပမာဏ
ဒီလိုနဲ့ပဲ သူမနှင့်
ဝေးကွာ ရတော့မည်လော?
နီးစပ်အောင် မကြိုးစားခဲ့သဖြင့်
ဝေးကွာခြင်း အဖြစ် အမည်မပေးတော့။
တကယ်တော့ သူမဟာ
ကျွန်တော့်ဖန်ခွက်ထဲမှာ ပြည့်နေတဲ့ ရေတဝက်။

၎။ အချောင်သမား
ထီမထိုးပေမယ့်
ထီပေါက်ချင်သူလို
သူမ အတွက်
သတင်းစကား မပါးမိခဲ့။

၅။ မှီခိုခြင်း ဖြစ်စဉ်
ငါ့လိပ်ပြာကို ငါမုန်းခဲ့တယ်
တပါးသူ ဝင်ရောက် ချယ်လှယ်စဉ်ကပေါ့။
တကယ်တော့ ငါက
ထင်သလောက် မလွတ်လပ်ခဲ့။

၆။ ခေါင်း နဲ့ ပန်း
အဝေးဆုံးရောက်ဖို့အတွက်
ဝေးဝေးလံလံ ပြေးစရာမလို
ကျောခြင်းကပ်လိုက်ကြရုံ ။

၇။ ဖြိုဖျက်ခြင်း
တန်ဖိုးရှိစွာ ဆုံးရှုံးခြင်းဆိုတာ
ယုံလား။
ငါကတော့ ယုံတယ်။
စွန့်လွှတ်ခြင်း ကျင့်စဉ်တွေ
ကိုယ်ထင်ပြတဲ့ အချိန်မှာပေါ့။

၈။ တကိုယ်စာ
ငါ့မြို့လေး မိုးအုံ့သွားတဲ့ တခါက
ငါငြိမ်းချမ်းခဲ့ဖူးတယ်။