Sunday, March 21, 2010

ကုက္ကိုရွက် နှင့် အတူ ဝေ့၀ဲကျသွားသော နွေညများ

လရောင် အောက်က ကွပ်ပျစ် ပေါ်မှာ ကျွန်တော်တို့ ၀ိုင်းဖွဲ့ ထိုင်ခဲ့ကြဖူးတယ်။ ညများစွာ….
အတိအကျ ဆိုသော်.. နွေညများစွာ။

ကလေးဘ၀မှာတော့ နားမလည်မှုများစွာနဲ့ ကြယ်တွေကိုကြည့်ခဲ့ရတယ်။ ကြယ်အစုံနဲ့ကောင်းကင် ဟာ ကျွန်တော့်ကို ပဟေဠိဝှက်ပြီး ကြည်စယ်နေတာလို့ လုံးဝ မထင်မိပါဘူး။ မထူးဆန်းပါဘူး။ ကျွန်တော်မှ မသိချင်ဘဲ။ အမည်းရောင် ဟင်းလင်းပြင်ကြီး
ထဲက ချစ်စရာအစက်အပြောက်ကလေးတွေ လို့ သိထားတယ်။ ကျွန်တော့်အတွက် ကတော့ ဒီလောက်ဆို လုံလောက်ပါပြီ။

နောက်မှ တစ်ယောက်တစ်ပေါက် ပြောသံကြားလာရတယ်။ အဲဒီကြယ်ရဲ့ နာမည်က ဘာ၊ ညာ နဲ့ သိပ်ကို ရယ်စရာကောင်းတာပါပဲလား ။ သူတို့ ထင်သလိုနာမည်ပေးထားကြတာလေ။ နောက်ပြီး.. သူ့ဘာသာသူ ပြန့်ကျဲ လှပနေတဲ့ ကြယ်တွေကို သူတို့က အုပ်စုဖွဲ့ ပြီး နာမည်ပေးကြသေးတယ်။ အဲဒီကိစ္စကတော့ မတရားဘူးလို့ထင်တာပါပဲ။ ပိုင်းခြားသက်မှတ်ခြင်းအားဖြင့် အလှတရားကို ဖျက်စီးကြတာလား။


“ကောင်းကင် ဟင်းလင်းပြင်ထဲက ကြယ်တွေကို ခံစားတဲ့အခါ ကျွန်တော်.. နားမလည်ခြင်းတွေကိုပဲ လိုချင်ပါတယ်။ ”


အထက်ပါအတိုင်း တောင်တောင်အီအီ ရည်ရွယ်ချက်မရှိဘဲ စဉ်းစားဖြစ်နေတာကတော့ ပြတင်းပေါက် ကနေပြီး ကြယ်တွေကို ကြည့်ဖြစ်ခဲ့တဲ့ နွေညတွေမှာပေါ့။
“နွေ ဟာ အထီးကျန်စေသလား ။ နွေ ဟာ လွမ်းမောစေသလား ။ ဒါမှမဟုတ် နွေဟာ မျှော်လင့်ချက် တွေ ပေးတာ လား ၊ ယူတာလား။ ” အဲဒါတွေ ကျွန်တော် မသိ။ ကျွန်တော်သိတာ နွေဟာ ပူတယ်။ အိုက်တယ်။ တစ်နေ့ခင်းလုံး ပူလောင်ခြင်းအတွက် အလျော်အစားအဖြစ် ည ဘက်မှာ လေပြေတွေကို မဖြစ်စလောက် ပေးတယ်။ ဒီလိုညတွေမှာ ကျွန်တော်တို့ ၀ိုင်းဖွဲ့စကားပြောဖြစ်ကြတာပေါ့။

ညပိုင်းမှာ ကြယ်တွေငေးရင်း ကုက္ကိုပင်အောက်ကို ထိုင်ကြည့်ပါ။ အသံပြုတိုက်ခတ်နေတဲ့ လေပြေ တွေက ကုက္ကိုရွက်ဝါတွေကို ကြွေစေတယ်။

နွေနေ့လည်ခင်းတွေက မညှာမတာ ပူပေမယ့် ကုက္ကိုရိပ်တွေကတော့ သိပ်ချစ်ဖို့ကောင်းတယ်။ ကုက္ကိုပင်အောက်မှာ ထိုင်ရင်း ကုက္ကိုရွက်ကြွေတာကို ကြည့်နေတဲ့လူတွေ ကို တွေ့ဖူးမှာပါ။ ဘာရယ်မဟုတ်ပေမယ့် အမှုမဲ့အမှတ်မဲ့ လုပ်တတ်ကြပါတယ်။

ကျွန်တော်က တော့ တမင်သက်သက် ကုက္ကိုရွက်ကြွေတာ ထိုင်ကြည့်ခဲ့တယ်။ အနှောင်အဖွဲ့ကင်း ပြီး မသိခြင်းများတဲ့ ကျွန်တော့် ရဲ့ ငယ်ဘ၀က ကုက္ကိုပင်တွေထဲမှာ ခိုအောင်းပျောက်ကွယ်သွားပြီ ထင်ပါရဲ့။

Tuesday, March 2, 2010

ဘောင်ခတ်ခြင်း

Photo: NayMoeWai