Saturday, December 13, 2008

အနှစ်သက်ဆုံး ကဗျာများ

ဒီ ကဗျာတွေ အကြောင်းရေးချင်နေတာတော့ ကြာပြီ တက်ခ်မယ့်သူ မရှိသေးလို့ စောင့်နေတာ ။ အခု တော့ ကျွန်တော့် ကိုကြီးမောင်မျိုးက တက်ခ် တော့ ရေးချင်နေတာနဲ့
ကွက်တိ ဖြစ်သွားတယ် ဗျ ။

တက်ခ်တဲ့ သူ ကိုကြီးမျိုး ရွေးထားတဲ့ ဖျက်မြင်း ဆို တဲ့ ကဗျာ လေး က အရမ်းကောင်းနေတော့ ကျွန်တော် ရွေးရမှာ နည်းနည်း လက်တွန့် နေတယ် ။

ရွေးမယ်ဆိုရင်တော့ ကျွန်တော်ကြိုက်တဲ့ ကဗျာ တွေအများကြီးပဲ (ကျွန်တော် ကိုယ်တိုင် က တော့ ကဗျာ မစပ်တတ်ဘူး ဗျ ကောင်းတဲ့ ကြိုက်တဲ့ ကဗျာ တွေကို တော့ အလွတ်ကျက် ထားတယ် ဗျ) ။ ကျွန်တော့် ရဲ့ ပထမဆုံး ကြိုက်ဖူး တဲ့ ကဗျာက ဆရာကြီးမင်းသိင်္ခ ရဲ့
ဝတ္ထုထဲက ကဗျာတိုလေးပါ ။

ဆေးလိပ်တစ် ရှူ
မီးခိုးဖြူ ရယ်
ချစ်သူရှိရာ ပျံသွားပါတော့
ငါ့ မှာ ပင်ပန်း သေခမန်း ကို
မြင်စမ်းစေချင် ချစ်နတ်ရှင် ။ ။

အဲဒီကဗျာ လေးရဲ့ အနက်အဓိပါယ်ကို ကောင်းကောင်းနားမလည်ပေမယ့် နှစ်သက်မိနေတယ် ။ ဒီကဗျာ လေးကို ဆရာကြီးမင်းသိင်္ခ ရဲ့ ဇာတ်ကောင် က ထောင်ထဲမှာ အပြစ်မဲ့ စွာ အကျဉ်းကျ နေချိန်မှာ စပ်ဆို ခဲ့တယ်လို့ပါတယ် လေ ။ အဲဒီလို အပြစ်မဲ့စွာ အကျဉ်းစံ နေရသူတွေ ကို သတိရမိတိုင်း ဒီကဗျာလေး က မြင်ယောင်လာတယ် ။ ကျွန်တော် အနှစ်သက်ဆုံး သတိရမိဆုံး ကဗျာလေးပေါ့ ဗျာ ။

နောက်ထပ် နှစ်သက်တဲ့ကဗျာ တွေ က “ ဗြဟ္မစိုရ် နှလုံးသားနှင့် ခရီးသွားသူများ ” ဆိုတဲ့ စာအုပ်ထဲမှာပါတဲ့ ကဗျာ တစ်ချို့ ပါခင်ဗျာ ။

အခု ကဗျာကို ရေးတဲ့ သူ က မြတ်နွယ် ( ပတ္တမြားမြေ ) တဲ့ ။ ကျွန်တော် ညံ့တယ် မညံ့ တယ် ကဗျာ ရေးတာ ကဗျာဆရာ လား ကဗျာဆရာမ လား မသိဘူး ။ ဒါပေမဲ့ ကျွန်တော် ကြိုက်တာ ကဗျာ ပါ ကဗျာ ရေးတဲ့ လူကိုမဟုတ်ပါဘူး ဗျာ ။

သူ့ ရဲ့ ကဗျာလေးကို ဖတ်မိ တော့ ကျွန်တော့် ရုတ်တရက် အိပ်ယာ က နိုး ရသလိုဖြစ်သွားတယ် ဗျ ။ အကိုတို့ အမ တို့ လဲ ခံစားချက်တော့ ဖြစ်လာမှာပါ ခင်ဗျာ ။
ခံစားကြည့် ကြ ပါ ။
ငါသေခဲ့မယ်ဆိုရင်
၁။ သေမင်းနဲ့ငါဟာ
ချိန်းထားတာ မဟုတ်လေတော့
အကြောင်းကြောင်းတွေကြောင့်
ခုနေများ . . . တကယ်လို့
ငါသေခဲ့မယ်ဆိုရင်
ငါ့ကို တမ်းတပြီး
ငိုမယ့်လူဆိုတာလည်း
တစ်ယောက်မှ ရှိလိမ့်မယ် မဟုတ်ပါဘူး ။


၂။ အသေစောလှချည်ရဲ့ ဆိုပြီး
ဝမ်းနည်းပက်လက်နဲ့၊
အထက်မိုးကောင်းကင်ထိ
မြည်ဟီးတုန်လှုပ်သွားရအောင်
ပူဆွေးသောကတွေကို
တံပိုးခရာလုပ်ပြီး မှုတ်မယ့်လူဆိုတာလည်း
တစ်ယောက်မှ ရှိလိမ့်မယ်မဟုတ်ပါဘူး။

၃။ သေသွားတဲ့ ငါ့မှာလည်း
ငိုယိုပြီး တမ်းတနိုင်လောက်တဲ့
လွမ်းလောက်တဲ့ အရည်အချင်းတွေ
လုပ်ဆောင်ချက်တွေ ဆိုတာလည်း
လက်ဆုပ်လက်ကိုင် ပြနိုင်လောက်အောင်
မယ်မယ်ရရ ဘာမှ မရှိလှပါဘူး။

၎။ ငါကိုယ်တိုင်ကလည်း
ငါသေရင် ငိုယိုတမ်းတမယ့် သူတွေကို
မမျှော်လင့်ပါဘူး။
ငါသေသွားလို့
ဝမ်းနည်းပက်လက်နဲ့
ပူဆွေးသောကရောက်နေမယ့်သူတွေ
လုံးဝ မရှိစေချင်ပါဘူး ။

၅။ သေသွားမှ လာငိုတဲ့အလုပ်
ဝမ်းနည်းပက်လက်နဲ့
ပူဆွေး သောကရောက်ရတဲ့အလုပ်တွေကို
အကျိုးရှိတဲ့အလုပ်တွေလို့
ငါ လုံးဝ မယုံကြည် မယူဆခဲ့ပါဘူး။
ငါကိုယ်တိုင် လည်း
ဘယ်သူသေ တာမြင်ရလို့မှ
ငိုကြွေးတာ ပူဆွေးတာ မရှိခဲ့ပါဘူး ။

၆။ အခုနေများ . . . တကယ်လို့
ငါသေခဲ့မယ်ဆိုရင်
ထွေထွေထူးထူးလည်း
ငါ ဘာကိုမှ မတောင်းတပါဘူး
အသက်ဝိညာဉ် ကင်းမဲ့နေပြီဖြစ်တဲ့
အနှစ်မရှိတဲ့ ငါ့ရုပ်အလောင်းကို
တွေ့ကြ မြင်ကြပြီး
“မသေခင်မှာ လုပ်သင့် လုပ်ထိုက်တာတွေကို
ကြိုးစားလုပ်ဆောင်ရမယ်။
သေသွားရင် ဒီခန္ဒာကိုယ်ကြီးက
ဘာမှ အသုံးမကျတော့ပါလားဆိုတဲ့
အသိဥာဏ် တွေဖြစ်ပေါ်မယ်၊
သေခြင်းတရားနဲ့ ပတ်သက်တဲ့
သတိသံဝေဂဥာဏ် တွေရရှိမယ်
အသုဘနိမိတ် အသုဘ သညာတွေ ထင်မြင်မယ်၊
မရဏာနုဿ တိလို့ခေါ်တဲ့
သေခြင်းတရားကို အဖန်ဖန် အောက်မေ့သတိရတဲ့
အသိတရားတွေနဲ့ အသုဘ ကမ္မဌာန်းတွေ
လေးလေးနက်နက် ပွားများဖြစ်ကြမယ်” ဆိုရင်
သေသွားတဲ့ငါက ကျေနပ်မိမှာပါပဲ။
အခုလောလောဆယ်တော့ ငါမသေသေးပါဘူး
ဒါပေမဲ့ . . . . .
သေချာတာတစ်ခုကတော့
အချိန်မရွေး ငါသေနိုင်တယ်ဆိုတာပါပဲ ။

မြတ်နွယ် (ပတ္တမြားမြေ )

ဒီကဗျာ လေး က သတိသံဝေဂ ရနိုင် သလို အတုယူလို့လဲ ကောင်းပါတယ်ခင်ဗျာ ။ ကဗျာရေးသူရဲ့ နှလုံးသား ကိုလဲ ခန့်မှန်း နိုင်ပါတယ် ။

နောက်ထပ်ကျွန်တော်ကြိုက် တဲ့ ကဗျာလေးတစ်ပုဒ်ရှိပါသေးတယ် ။ အခု စာအုပ်ထဲက ပါပဲ။ ကဗျာဆရာ ကိုစောဝေ ရဲ့ ကဗျာလေး ပါ ။ ဒါပေမဲ့ ပို့စ်အရမ်းရှည် နေလို့ မဖေါ်ပြနိုင်တော့တာ အနူးအညွှတ် တောင်းပန်အပ်ပါတယ် ခင်ဗျာ ။
နောက်ကြုံဆုံ တဲ့ အခါရှိ ရင် ဖေါ်ပြပေးပါအုံးမယ် ခင်ဗျာ ။

ကဗျာချစ်တဲ့ ကောင်လေး
မောင်ရှင်းသန့်